အာမိုရင်း ရေပန်းစားမှု ထိပ်ဆုံးရောက်လာခြင်း၊ လေ့ကျင့်ရေး ပြန်လည်စတင်ခြင်း၊ ဥရောပကလပ်ကိုပဲ ဝယ်ယူမယ့် FSG နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

နည်းပြ အလွန်ဆိုဟာ ဒီနွေမှာ လေဗာကူဆင်ကနေ ထွက်ခွာမှာ မဟုတ်ဘဲ ဂျာမနီမှာပဲ အချိန်ကာလတစ်ခုကြာ ဆက်နေဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ စပို့တင်းမှ အာမိုရင်းနဲ့ ဘရိုက်တန်မှ ဒီဇာဘီတို့ နှစ်ဦးတည်းက တစ်ဦးကို ကလော့ပ်နေရာ ဆက်ခံမယ့်သူအဖြစ် ရွေးချယ်ဖွယ် ရှိနေပါတယ်။

ဒီဇာဘီကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကလည်း ထိပ်တန်း ပစ်မှတ်အဖြစ် ရွေးချယ်ထားတာကြောင့် လီဗာပူးအတွက် လွယ်ကူမှာ မဟုတ်ပါဘူး။

ဒီရာသီ မကုန်ခင်မှာပဲ ကလပ်ရဲ့ မန်နေဂျာလောင်း စာရင်းကို အပြီးသတ် ရေးဆွဲဖို့ လီဗာပူးဘက်က စီစဉ်နေပါတယ်။ သူတို့တွေကို ရာသီကုန်မှာ အသင်းဘက်က လူတွေ့ပြီး ပရော်ဂျက်တွေ နားထောင်သွားမှာ ဖြစ်ပါတယ်။

ဒီနွေမှာ အာမိုရင်းကို ခေါ်ယူလိုရင် စာချုပ်ပါကြေး ယူရို သန်း ၂၀ ပေးရမှာဖြစ်ကာ ၂၀၂၅ မှာ အလွန်ဆိုရဲ့ စာချုပ်ပါကြေးက ယူရို ၁၅ သန်းဖြစ်ပါတယ်။

ဂျိုတာဟာ အက်ဆာ လေ့ကျင့်ရေးမှာ ဘောလုံးနဲ့အတူ ထိတွေ့မှုတွေ ပြန်လုပ်နေသလို ထရန့်ကလည်း တစ်ဦးချင်း ပြန်ပြေးနေပါပြီ။ အသင်းလိုက် လေ့ကျင့်ရေးမှာတော့ ဆာလာနဲ့ ဒါဝင်တို့ ပါဝင်ထားပါတယ်။

စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ကတော့ ဗန်ဒိုက်ဟာ ဘလွန်းဒီအောဆု အနိုင်ရဖို့ ထိုက်တန်သူတစ်ဦးလို့ ထုတ်ဖော်လိုက်ပါတယ်။

ကြာသပတေးနေ့ အသင်းလိုက် လေ့ကျင့်ရေးမှာ ကိုနတေးနဲ့ ကာတစ်ဂျုံး ပါဝင်ခြင်း မရှိပါဘူး။ သူတို့တွေ ဒဏ်ရာ ပြန်သက်သာလာပေမယ့် အသင်းနဲ့တော့ ပူးပေါင်းသေးခြင်း မရှိတာပါ။

ဒဏ်ရာရနေတဲ့ ဂိုးသမား အယ်လီဆန်ဟာ ဒီလထဲမှာ အသင်းအတွက် ပွဲကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

FSG ဟာ သူတို့ရဲ့ နောက်ထပ် ကလပ်ကို တောင်အမေရိက အသင်းတွေ မဟုတ်ဘဲ ဥရောပကလပ် တစ်သင်းကိုပဲ ဝယ်ယူဖို့ ကြိုးစားသွားဖွယ် ရှိပါတယ်။