ဆောင်းပါး | ဒေတာအဖွဲ့က အာမိုရင်းကို အကြိုက်တွေ့ပြီး အားကစားဒါရိုက်တာသစ်က ဒီဇာဘီရဲ့ အမာခံပရိသတ်ဖြစ်တယ်

ဇာဗီ အလွန်ဆိုက ဒီနွေမှာ လေဗာကူဆင်ကို စွန့်ခွာဖို့ မစဉ်းစားသေးဘဲ ဂျာမနီ ကလပ်နဲ့အတူ နောက်ရာသီမှာ ချန်ပီယံလိဂ်နဲ့တကွ ဘွန်ဒက်လီဂါကို ထပ်မံ စိန်ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်။

အလွန်ဆိုဟာ နည်းပြလောကထဲ ဝင်ရောက်လာတာ သက်တမ်း သိပ်တိုသေးပြီး သူကိုယ်တိုင်ကတော့ ထိပ်သီးတွေမှာထက် ဖိအားပိုနည်းမယ့် လေဗာကူဆင်နဲ့အတူ သင်ယူရင်း သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြသလိုဟန်ရှိပါတယ်။

အလွန်ဆိုကို ချိန်ရွယ်လို့ မရတော့ပေမယ့် လီဗာပူးအသင်းကတော့ ဒီနွေမှာ မန်နေဂျာသစ် တစ်ဦးကို သေချာပေါက် ခေါ်ယူအားဖြည့်ရမှာပါ။ ဘောလုံးရာသီ မကုန်ခင် အသင်း ချိတ်ဆက်မယ့် နည်းပြလောင်းများ စာရင်းကို အပြီးသတ်နိုင်ဖို့ လီဗာပူးဘက်က အားထုတ်နေပါတယ်။

အလွန်ဆို မပါတော့တဲ့နောက် လီဗာပူးနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားမှုစာရင်းမှာ အာမိုရင်းနဲ့ ဒီဇာဘီတို့ ထိပ်ဆုံးကို ရောက်လာကြပါတယ်။ စိတ်ဝင်စားစရာကတော့ သူတို့ နှစ်ဦးလုံးကို ကိုယ်စီထောက်ခံပေးမယ့် လီဗာပူးတာဝန်ရှိသူတွေ ရှိနေပါတယ်။

လီဗာပူးအသင်းကတော့ အသင်းနဲ့အတူ အရွယ်ရောက်လာဖို့၊ တိုက်စစ်အသားပေး ကစားဟန်ကို လမ်းညွှန်နိုင်ဖို့နဲ့ ကောင်းမွန်တဲ့ စရိုက်ကောင်းရှိဖို့ ဆိုတဲ့ အခြေခံ အချက်တွေအပြင် ကလပ်ဘက်က သတ်မှတ်ထားတဲ့ သီးသန့်သော စံနှုန်းတွေမှာ ကိုက်ညီမယ့်သူ တစ်ဦးကို ရှာဖွေနေပါတယ်။

ဒေတာအဖွဲ့ဟာ နည်းပြချုပ်တစ်ဦးရဲ့ ပွဲအတွက် ကြိုတင် ပြင်ဆင်မှု၊ နည်းစနစ်ပိုင်း စိစစ်မှု၊ နည်းဗျူဟာပိုင်း အမိန့်ပေးနိုင်မှု၊ တိုက်စစ်ပိုင်း စတိုင်၊ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းချက် ဖန်တီးနိုင်မှု အစရှိတာတွေကို ကာလရှည် အနေအထားနဲ့ တွက်ချက်သွားမှာဖြစ်ပါတယ်။

လီဗာပူး ဒေတာသုတေသနအဖွဲ့ခေါင်းဆောင် William Spearman က ပေါ်တူဂီလူမျိုး နည်းပြ အာမိုရင်းကို အတော်လေး သဘောကျနေပြီး ၎င်း အပါအဝင် ကလပ်ပစ်မှတ်တွေနဲ့ ပတ်သက်လို့ စိစစ်မှုတွေ လုပ်နေပါပြီ။ မကြာခင်မှာတော့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ထံ သူ့ရဲ့ တင်ပြချက် အစီရင်ခံစာ ရောက်ရှိသွားမှာဖြစ်ပါတယ်။

အာမိုရင်းဟာ အတွေ့အကြုံတစ်ခု ရှိထားသူဖြစ်ကာ သူ့ရဲ့ ဆက်သွယ်နိုင်စွမ်း အရည်အချင်း၊ နည်းစနစ်ပိုင်း နားလည်မှု၊ လိုက်လျောညီထွေ ဖြစ်မှုတွေကြောင့် နာမည်ကြီးပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားအပြင် ကိုယ်ရည်ကိုယ်သွေးကောင်းရှိသူအဖြစ်လည်း သိထားကြပါတယ်။ ဒီနွေမှာ သူ့ကို ခေါ်ယူလိုရင် ယူရို သန်း ၂၀ ပေးရမယ်က အစ လီဗာပူးအသင်းဘက်က အသေးစိတ် လိုက်လံ စုံစမ်းထားပါတယ်။

တစ်ဖက်မှာတော့ Kingmaker လို့ ဘုန်းမောက်မှာ ထင်ရှားခဲ့တဲ့ လီဗာပူး အားကစားဒါရိုက်တာသစ် ရစ်ချက်ဟုချ်က အီတလီသား နည်းပြ ဒီဇာဘီရဲ့ အကြီးစား အမာခံ ပရိသတ်ဖြစ်ပါတယ်။

၂၀၂၂ မှာ ပါကာကို လမ်းခွဲပြီးနောက် ဒီဇာဘီကို ဘုန်းမောက်နည်းပြခန့်ဖို့ သူ စည်းရုံးခဲ့ဖူးပါတယ်။ နှုတ်အားဖြင့် သဘောတူညီခဲ့ပြီးမှ ဘုန်းမောက်ပိုင်ရှင်ဖြစ်တဲ့ အမေရိကန် ရင်းနှီးမြုပ်နှံသူထံက ရှေ့ဆက် တိုးဖို့ ထောက်ပံ့မှု မရခဲ့ပါဘူး။ ဒီဇာဘီရဲ့ ပရိုဖိုင်ကတော့ လီဗာပူးပရိသတ်တွေ အကြမ်းဖျဉ်း သိကြတာများပါတယ်။

ယခင်အကြိမ်တွေတုန်းက လီဗာပူးအသင်း နည်းပြသစ်ရှာဖွေမှုမှာ FSG ဥက္ကဋ္ဌ မိုက်ဂေါ်ဒန်နဲ့ မိုက်ကယ်အတ်ဝပ်တို့ ဦးဆောင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က ဒေတာအဖွဲ့နဲ့ လက်တွဲကာ ရွေးချယ်သွားဖို့ ရှိပါတယ်။

ဝီလီယမ် စပီယားမန်းက အာမိုရင်းကို နှစ်သက်ပြီး အသစ်ရောက်လာတဲ့ ရစ်ချက်ဟုချ်က ဒီဇာဘီကို နှစ်သက်မှုရှိတာကြောင့် အသင်းရဲ့ ရွေးချယ်မှုရလဒ် ဘယ်လို ထွက်ပေါ်မလဲ စိတ်ဝင်စားဖို့ ကောင်းလာနေခဲ့ပါပြီ။