ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ လီဗာပူးအသင်းဟာ အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ ၁ မှတ်အကွာ အဆင့် ၃ နေရာက နယူးကာဆယ်နဲ့ ၃ မှတ်အကွာ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းက ၁ ပွဲပိုကစားထားတာဖြစ်ပြီး ဘောလုံးရာသီ သိမ်းဖို့က ၃ ပွဲပဲ ကျန်တော့တာပါ။ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ၄ ပွဲစီ ကစားရဖို့ ကျန်နေသေးပြီး ဘရိုက်တန်ကတော့ ၆ ပွဲ ကစားဖို့ ကျန်ရှိနေပါတယ်။
နောက်ဆုံး ကစားထားတဲ့ ၆ ပွဲဆက်တိုက်ကို အနိုင်ယူပြီး လီဗာပူးက အဆင့် ၅ နေရာ အခြေခိုင်လာနေသလို ထိပ်ဆုံး ၄ သင်းထဲ တိုးဝင်နိုင်မယ့် အခွင့်အရေးကို ခြိမ်းခြောက်လာနေပါပြီ။ ဒါပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ရေးအတွက် လီဗာပူးကို ဂရုစိုက်ဖို့ မလိုဘူးလို့ ယူနိုက်တက် နည်းပြ တန်ဟက်က ဆိုပါတယ်။
“ အခြေအနေတွေက အပြောင်းအလဲ မရှိပါဘူး။ top-4 ဝင်ခွင့်ကိစ္စ လွယ်ကူသွားအောင် လုပ်နိုင်တာ ကျနော်တို့ အသင်းပဲ ရှိပါတယ်။ ကျနော်တို့ နိုင်ပွဲ ၃ ပွဲပဲ လိုတာပါ။ အခြေအနေ အရပ်ရပ်က ကျနော်တို့ လက်ထဲမှာပါ။ ဒါကို ကျနော်တို့တွေ ယုံကြည်နေဖို့ လိုပါတယ်။
လီဗာပူး ဘာလုပ်နေတယ်နဲ့ မဆိုင်ပါဘူး၊ ကျနော်တို့နဲ့ပဲ ဆိုင်ပါတယ်။ ပွဲတွေကို နိုင်လောက်တဲ့ အဆင့်အတန်း လုပ်ပြနိုင်ရင် ရပါပြီ။ အခြားပြိုင်ဘက်တွေ ဘာလုပ်နေတယ် ဆိုတာထက် ကိုယ့်ဘာသာ အပေါ်ပဲ အာရုံစိုက်ထားရင် ရပါပြီ ” လို့ တန်ဟက်က ပြောဆိုသွားပါတယ်။
နည်းပြကလော့ပ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်နေခြင်းထက် လက်ကျန် ၃ ပွဲလုံးကို အနိုင်ယူဖို့ပဲ အာရုံစိုက်ထားပြီး ရာသီကုန်ရင် ရောက်နေမယ့် အဆင့်ကြောင့် ရမယ့် ဥရောပဝင်ခွင့်ကို လက်ခံလိုက်ဖို့ပဲ အသင်းကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။