NEWS: စပို့တင်း လစ္စဘွန်းနည်းပြ အာမိုရင်းကို ဦးတည် ချိတ်ဆက်တော့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ကလပ်ရဲ့ နောက်ထပ် မန်နေဂျာအဖြစ် အလွန်ဆိုကို ချိတ်ဆက်လို့ ရနိုင်တော့မှာ မဟုတ်ကြောင်း သေချာခဲ့တဲ့နောက် နောက်ထပ် ပစ်မှတ်ကို အမြန်ဆုံး ကြိုးစားတော့မှာ ဖြစ်ပါတယ်။

အလွန်ဆိုက လေဗာကူဆင်ကနေ မထွက်ခွာဖို့ စဉ်းစားလာခဲ့ကာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစား အသိအမှတ်ပြုရမှာပါ။ အခုမှ နည်းပြလောက ကနဦး ကာလကို ကျော်ဖြတ်နေရချိန်မှာ ဒါကပဲ အကောင်းဆုံး ရွေးချယ်မှုအဖြစ် မကြာခင်မှာပဲ အလွန်ဆိုဘက်က တရားဝင် ကြေညာလာပါလိမ့်မယ်။

အလွန်ဆိုကို ကြိုးစားခွင့်မရတော့ခြင်းဟာ FSG CEO မိုက်ကယ်အတ်ဝပ်နဲ့ လီဗာပူးအသင်း အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့ကို အခြားသော ပစ်မှတ်တွေအား အမြန်ဆုံး ချိတ်ဆက်ဖို့ တွန်းအားဖြစ်လာစေပါတယ်။

ဒီအပတ် အန်ဖီးကို ရောက်လာမယ့် ဒီဇာဘီကလည်း လီဗာပူးရဲ့ ပစ်မှတ်ဖြစ်ပေမယ့် အသင်းကတော့ စပို့တင်းနည်းပြ အာမိုရင်းကို ပိုပြီး သဘောကျနေကြောင်း မာဆေးဆိုဒ် သတင်းထောက် Ian Doyle က အခိုင်အမာ ထုတ်ပြောလာပါတယ်။

ကိုယ်ပိုင်ဟန်တစ်ခုရှိတဲ့ အာမိုရင်းကို ခေါ်ယူဖို့ရာ နည်းပြသစ် အရှာထွက်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေတာမို့ လီဗာပူးဟာ အချိန်ဖြုန်းလို့ မရတော့ပါဘူး။

လီဗာပူးဟာ ရှေ့ကို ဆက်လက် ရွေ့လျားရမှာဖြစ်ကာ အသင်းရဲ့ နောက်ထပ် မန်နေဂျာ ဘယ်သူဖြစ်သင့်လဲ ဆိုတာအတွက် မြန်မြန်ဆန်ဆန် လှုပ်ရှားလာရတော့မှာ ဖြစ်ပါတယ်။