လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးဖို့ ဦးစားပေး ပစ်မှတ်အဖြစ် စပို့တင်းမှ ရူဘမ် အမ်မိုရင်းနဲ့ ဘရိုက်တန်မှ ဒီဇာဘီတို့ နှစ်ဦးကို လျာထားခဲ့ပြီဖြစ်ပါတယ်။ နှစ်ဦးထဲမှာ အမ်မိုရင်းကတော့ ပိုမို ရေပန်းစားလာနေပါတယ်။
လီဗာပူး ချိတ်ဆက်သွားမယ့် ပေါ်တူဂီသား အမ်မိုရင်းဆိုတာ ဘယ်လိုလူပါလဲ? LFCThaDin ပရိသတ်တွေနဲ့အတူ အနည်းငယ် လေ့လာကြည့်ပါမယ်။
အမ်မိုရင်း လီဗာပူးနဲ့ အံဝင်မလား?
လီဗာပူးလိုချင်တာတွေနဲ့ အမ်မိုရင်းက နီးနီးစပ်စပ်ကို ကိုက်ညီတယ်လို့ ပြောရပါလိမ့်မယ်။ စပို့တင်းဟာ လီဗာပူးနဲ့ ကွာခြားတဲ့ စနစ်မျိုး ကစားပေမယ့် ဖိအားပေးပုံခြင်း၊ မြန်နှုန်းနဲ့ကစားပုံချင်း တူညီပါတယ်။ သူတို့လည်း တိုက်ရိုက်ကစားဟန်မျိုး ကျင့်သုံးပါတယ်။
အမ်မိုရင်းရဲ့ ပထမဆုံးသော စပို့တင်းနည်းပြ အခြေအနေက လေဗာကူဆင်မှာ အလွန်ဆို လုပ်ပြနေတာမျိုးလိုပါပဲ။ ပေါ်တူဂီရဲ့ ကြီး ၃ ကြီးထဲက တစ်သင်းဖြစ်တဲ့ စပို့တင်းကို တာဝန်ယူခဲ့ရာမှာ မဟာပြိုင်ဘက် ၂ သင်းကို ကျော်ဖြတ်ပြီး ၁၉ နှစ်အတွင်း ပထမဆုံး အမှတ်ပေးဖလားကို ပြန်လည် အောင်မြင်စေခဲ့ပါတယ်။
စပို့တင်းဟာ ပေါ်တူဂီ ကြီး ၃ ကြီးထဲ ထည့်တွက်ခံရပေမယ့် ဆုဖလားအတွက်တော့ ဘေးဖယ်ထုတ်ခံထားရတဲ့ အသင်းပါ။ ပေါ်တူဂီမှာက ဆုဖလားအတွက်ဆိုရင် ပေါ်တိုနဲ့ ဘင်ဖီကာပါပဲ။ ဒါကို အမ်မိုရင်းက ပြောင်းလဲပစ်ခဲ့တယ်။ သူ့လက်ထက်မှာတော့ စပို့တင်းက အဆိပ်ပြင်းတဲ့ အသင်း ပြန်ဖြစ်လာပါတယ်။
ဒီရာသီမှာလည်း ၄ နှစ်အတွင်း ဒုတိယမြောက် အမှတ်ပေးဖလား အနိုင်ရဖို့ စပို့တင်းတို့ ကြိုးစားနေပါတယ်။
၄ နှစ်အတွင်း စပို့တင်းကို ဥရောပဘီလူးကြီးဖြစ်လာစေသလား?
အမ်မိုရင်းဟာ စပို့တင်းနဲ့အတူ ဥရောပကို တုန်လှုပ်စေသူမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိသူပါ။ ၂၀၂၃ မှာ အာတီတာရဲ့ အာဆင်နယ်ကို ယူရိုပါလိဂ်ကနေ ဖယ်ထုတ်ပြခဲ့ဖူးပါတယ်။
လီဗာပူးအသင်း အမ်မိုရင်းကို စတင် အကဲဖြတ်ကတည်းက ပြိုင်ဘက် ဘင်ဖီကာ၊ ပေါ်တိုတို့ထက် ပိုနည်းတဲ့ အသုံးစရိတ်အောက်မှာ သူဘယ်လို ကျော်ဖြတ်သလဲဆိုတာ အဓိက ကျပါတယ်။ သူ့ရဲ့ တိုက်စစ်အားသန် အတွေးအခေါ်ကို ကလပ်က သဘောကျပါတယ်။
လက်ရှိ လီဗာပူးအသင်းဟာ ဒတ်ချ်နဲ့ ပေါ်တူဂီ ဘောလုံး အတွေးအခေါ်တွေ လွှမ်းမိုးနေတဲ့ အသင်းပါ။ ပပ်လင်ဒါး၊ ဗစ်တာမာတိုစ့်တို့လို လီဗာပူးနည်းပြတွေဟာ ပေါ်တူဂီ အတွေးအမြင်တွေကို လီဗာပူးအသင်းထံ ပေါင်းထည့်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါကလည်း အမ်မိုရင်းနဲ့ ပတ်သက်လို့ လီဗာပူး ကြိုက်တဲ့ အချက်ဖြစ်နိုင်ပါတယ်။
မနှစ်ကရာသီ ကလော့ပ်နည်းတူ အမ်မိုရင်းကလည်း စပို့တင်းမှာ ကျရှုံးခဲ့ပြီး ထိပ်ဆုံး ၂ သင်း အပြင်ကို လွှင့်စင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ထိပ်ဆုံးနေရာကို ပြန်စိန်ခေါ်နေပါပြီ။ သူဟာလည်း ကလော့ပ်နည်းတူ ခိုင်မာတဲ့ စိတ်ဓါတ်မျိုးရှိသူအဖြစ် ထင်ရှားပါတယ်။
အမ်မိုရင်းရဲ့ အားသာချက်
ပေါ်တူဂီ ဘောလုံးကျွမ်းကျင်သူတွေကတော့ အမ်မိုရင်းဟာ နည်းစနစ်ကောင်းတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူဟာ လှုံ့ဆော်နိုင်စွမ်းရှိတဲ့ နည်းပြမျိုးဖြစ်ပါတယ်။ အကျင့်စရိုက်လည်း သိပ်ကောင်းပါတယ်။
လူးဝစ်ဆွာရက်စ်နဲ့ အီဗရာဖြစ်ရပ်မှာ လီဗာပူးအသင်း ဂုဏ်သိက္ခာကြီးကြီးမားမား ထိခိုက်ခဲ့ပြီးတည်းက FSG ဟာ အသင်းထံ ပူးပေါင်းမယ့် ဘယ်သူ့ကိုမဆို အကျင့်စရိုက်ပိုင်း အလေးထားပါတယ်။ အမ်မိုရင်းက ကလော့ပ်နည်းတူ ကိုယ်ကျင့်သိက္ခာပိုင်း နာမည်ကောင်းရှိပါတယ်။
သူ့ရဲ့ အားသာချက်ကတော့ သူ့ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်တာပါပဲ။ အမ်မိုရင်းရဲ့ နည်းပြဘဝမှာ သူ့ကစားသမား တစ်ဦးကိုမှ လူရှေ့မှာမကောင်းပြောတာ မရှိပါဘူး။ အဝတ်လဲခန်းကို စုစည်းထားနိုင်ပြီး ရန်လိုမှု၊ ရိုင်းစိုင်းမှု မရှိတဲ့ နည်းပြဖြစ်သလို သူဟာ ခေါင်းဆောင်ဆန်သူလို့ သိရပါတယ်။
သူ့ရဲ့ အကောင်းဆုံး အရည်အချင်းဟာ အဝတ်လဲခန်းကို စည်းလုံးစေပြီး ယုံကြည်ချက်တွေကို တည်ဆောက်နိုင်တဲ့ ဆက်သွယ်မှုစွမ်းရည်လည်း ပါဝင်ပါတယ်။ မီဒီယာတွေ့ဆုံမှုတွေမှာ ပွင့်ပွင့်လင်းလင်းရှိတဲ့ သူ့ကို ‘master trash-talker’ လို့လည်း ပြောကြပါတယ်။
လူတိုင်း ဂွာဒီယိုလာကို စံနမူနာ ယူနေချိန် သူကတော့ မော်ရင်ညိုကပဲ သူ့ရဲ့ Idol လို့ ပြောထားပါတယ်။ နောက်ပြီး အမ်မိုရင်းက ပေါ်တူဂီအပြင် အင်္ဂလိပ်လိုလည်း ပိုင်နိုင်ပါတယ်။
ထိပ်တန်းဂိုးသွင်းရှင်ကို ဖန်တီးနိုင်တယ်
နည်းစနစ်အရတော့ အမ်မိုရင်းက လိုက်လျောညီထွေ လုပ်နိုင်စွမ်းနဲ့ နာမည်ကောင်းရပါတယ်။ Viktor Gyökeres ကို အထောင်မှာ အံဝင်အောင် ဖန်တီးနိုင်စွမ်းက ဒါဝင် နူးညက်စ်ကို သူကိုင်တွယ်နိုင်မယ်လို့ ယုံကြည်စရာရှိပါတယ်။
သူ့အသင်းတွေဟာ ဂိုးသွင်းနှုန်းကောင်းသလို ခံစစ်ပိုင်းလည်း ကောင်းပါတယ်။ ဒီရာသီ ဥရောပမှာ အခွင့်အရေး ပေးရမှု အနည်းဆုံး အသင်းအဖြစ် မန်စီးတီး၊ လီဗာပူး၊ ရီးရဲလ်၊ ဘိုင်ယန် အားလုံးရဲ့ အထက်မှာ အမ်မိုရင်းရဲ့ စပို့တင်း ရှိနေပါတယ်။
တောင်ပံ ဧရိယာတွေကို အသုံးချပြီး တိုက်စစ်တွဲဘက် ၃ ဦးကြား အချင်းချင်း ဖန်တီးမှုနဲအတူ ပင်နယ်တီဘောက်ထဲ ဝင်ကစားနိုင်အောင် ဖန်တီးပေးလေ့ရှိတယ်လို့ သိရတယ်။ တချို့ကတော့ အမ်မိုရင်းက 3-4-3 နဲ့ လက်ထက်ထားပြီး ဒီကစားကွက်ကို အခြေခံအဖြစ် အသေဆုပ်ကိုင်ထားသူလို့ ပြောကြပါတယ်။
လီဗာပူးနဲ့ အမ်မိုရင်း
အမ်မိုရင်းရဲ့ ကိုယ်ရေးအကျဉ်းက လီဗာပူးအသင်းနဲ့ အံဝင်မယ့်ပုံပါ။ သူ့ရဲ့ အားနည်းချက်က နာမည်ကြီး ကစားသမား ကိုင်တွယ်ဖူးတာ နည်းပါတယ်။ ဒါပေမယ့် အလွန်ဆိုနဲ့ ဒီဇာဘီတို့ကလည်း နာမည်ကြီး ကစားသမား မကိုင်တွယ်ဖူးပါဘူး။
ပေါ်တူဂီ ‘The Big Three’ မှာ အားအနည်းဆုံး အသင်းကို ခေါင်းထောင်လာအောင် ဦးဆောင်နိုင်တဲ့ အသက် ၃၉ နှစ်အရွယ် နည်းပြဟာ အန်ဖီးကို ရောက်လာမလား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။