နိုင်ငံတကာသီတင်းပတ်အပြီး ပထမဆုံး ပြန်ကစားရမယ့်ပွဲက အန်ဖီးကွင်းမှာ ဖြစ်နေတာက လီဗာပူးအတွက် ကျေနပ်စရာပါ။
အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းကောင်းဖြစ်တဲ့ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ဒီရာသီ ခြေစွမ်း တည်ငြိမ်ပေမယ့် လီဗာပူးအတွက်တော့ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်နေပါတယ်။ ကလော့ပ်ဟာ ဒီဇာဘီနဲ့ ရင်ဆိုင်ရတိုင်း အနိုင်ယူဖို့ ခက်ခဲနေပါတယ်။
ဒီအပတ်မှာ မန်စီးတီးနဲ့ အာဆင်နယ် ထိပ်တိုက်တွေ့နေတဲ့ ပွဲစဉ် ရှိနေတာမို့ သူတို့ပွဲ မတိုင်ခင် ကစားရမယ့် ပွဲစဉ်မှာ အနိုင် ၃ မှတ် အပြည့် ရထားဖို့ လိုအပ်တာကို အသင်းသားတွေ နားလည်နေမှာဖြစ်ပါတယ်။
ဘရိုက်တန်ပွဲ ဖြစ်လာဖွယ် လူစာရင်း
ဂိုးသမားနေရာမှာတော့ တံကောက်ကြော ဒဏ်ရာရှိနေဆဲ အယ်လီဆန် အစား ကလယ်ဟာပဲ ပါဝင်လာမှာပါ။ ဘရာဇီးသားဟာ ဒီလထဲမှာတော့ လီဗာပူးအတွက် ပြန်ပြီး ပွဲထွက်နိုင်ဖွယ် ရှိနေပါတယ်။
ခံစစ်မှာတော့ ဗန်ဒိုက်ကို ကိုနတေးနဲ့ တွဲပေးမယ်လို့ အသံထွက်နေပါတယ်။ ပြင်သစ်သား ခံစစ်မှူးဟာ နိုင်ငံတကာ သီတင်းပတ်ကနေ ပြန်လာပြီးတဲ့နောက် နားရက် ၁ ရက်လည်း ပေးခံထားရတာဖြစ်ပါတယ်။
အစွန်နေရာမှာတော့ ရော်ဘတ်ဆန် ပါဝင်နိုင်မှာ မဟုတ်လို့ ဘယ်ခြမ်းမှာ ဂိုးမက်စ် ပွဲထွက်ပြီး ညာခြမ်းမှာတော့ ဘရတ်ဒလေ ပွဲထွက်မှာပါ။ ထရန့် လေ့ကျင့်ရေးကွင်းမှာ ပြန်ပြေးနေပေမယ့် ကြားရက် ရှက်ဖီးနဲ့ပွဲမှ ထုတ်သုံးလာဖွယ် ရှိပါတယ်။
ကွင်းလယ်မှာ ကာတစ်ဂျုံး ပြန်သက်သာလာနေကာ ဒီပွဲမှာတော့ ပွဲထွက်ခွင့် မရလောက်သေးပါဘူး။ အန်ဒို၊ မာကာ၊ ဆိုဘိုအတွဲကို ထုတ်သုံးပြီး အရန်ခုံမှာတော့ ဟာဗေးနဲ့ ဂရာဗင်ဘက်ချ်တို့ ရှိနေမှာ ဖြစ်ပါတယ်။
တိုက်စစ်ကတော့ ဆာလာ ပြန်လည် ပွဲထွက်လာနိုင်မှာဖြစ်ကာ ဒီယက်ဇ်၊ ဒါဝင်တို့နဲ့ တွဲပေးပါလိမ့်မယ်။ ဂက်ပို အရန်စာရင်းမှာ ရှိနေမှာဖြစ်ကာ ဂျိုတာကလည်း ကြားရက်လောက်မှာ ပြန်ပါလာနိုင်မယ် မျှော်လင့်ပါတယ်။