

အထနှေးခဲ့တဲ့ အန်ဖီး
လီဗာပူးအသင်း အထနှေးတဲ့အကြောင်း ဒီရာသီမှာ ပရိသတ်တွေ သတိပြုမိနေခဲ့တာ ကြာပါပြီ။ ဘရိုက်တန်ပွဲမှာလည်း ဝဲလ်ဘတ်ရဲ့ ဦးဆောင်ဂိုးကို ပွဲအစမှာတင် ခွင့်ပြုပေးခဲ့ရတာမို့ အသင်းဟာ ဖိအားတွေ လိုအပ်တာထက် ပိုများခဲ့ပါတယ်။
အသင်းရဲ့ တုန့်ပြန်ပုံကတော့ ကျေနပ်ဖို့ကောင်းခဲ့ပါတယ်။ ကွင်းထဲက ရှိနေတဲ့ ဗန်ဒိုက်၊ မာကာတို့ထံက တည်ငြိမ်စွာ ဦးဆောင်မှုကို မြင်ခဲ့ရပြီး ခြေပဂိုးပြန်ရဖို့ ချက်ခြင်း အရှိန်တင် ကစားခဲ့သလို ဒီယက်ဇ်ရဲ့ သွင်းဂိုးနောက်ပိုင်းမှာလည်း ထပ် ထပ်ပြီး အခွင့်အရေးတွေ ဖန်တီးခဲ့ပါတယ်။
၁ ဂိုးအသာနဲ့ပဲ ဦးဆောင်ထားတာမို့ ပွဲပြီးခါနီးကတော့ ရင်ပူစရာဖြစ်ခဲ့ပါတယ်။
ညာခြမ်း သင်ခန်းစာ
ဒီနေ့ပွဲမှာ ညာခြမ်း ခံစစ်မှူးအဖြစ် ကိုနတေးကို ကျော်လို့ ကွမ်းဆက် ပွဲထွက်ပါတယ်။ ကိုနတေးဟာ ၃ ယောက်တန်း ခံစစ်ပုံစံမှာ ညာခြမ်း အစွန်ထိပါ ဝင်ရောက် တာဝန်ယူနေခဲ့သူဖြစ်ပါတယ်။ ကွမ်းဆက်က ဒီတလောမှာ တူညီတဲ့နေရာက ပွဲကစားခွင့်တွေ ပြန်ရနေပေမယ့် နေရာနှစ်ခုကို ဖြည့်ကစားပေးဖို့ အနည်းငယ် ခက်ခဲနေခဲ့ပါတယ်။
ခံစစ်က တောက်လျှောက်ကို လှည့်ပတ်နေရပြီး ဆက်တိုက် ပေးချက်တွေ လုပ်နေရချိန်မှာ ဗန်ဒိုက်နဲ့ ကွမ်းဆက်တို့ ခပ်ဖြေးဖြေးချင်း ကစားကွက်တည်မှုကော တိုက်ရိုက်ပေးချက်တွေပါ အလျင်သင့်သလို သုံးနေခဲ့ကြတယ်။
ဘရတ်ဒလေရဲ့ ဘရိုက်တန်ခံစစ်ကြောင်းကို တိုက်ရိုက် ထိုးဖောက်မှုတွေကလည်း အတော်လေး အလုပ်ဖြစ်ပါတယ်။ ပထမပိုင်းအတွက် ခံစစ်ပိုင်း ကာကွယ်မှုတွေမှာတော့ သူ နည်းနည်းအခက်တွေ့ခဲ့ပါတယ်။ ဒါကို ဖြေရှင်းဖို့ သူနဲ့ ကွမ်းဆက်တို့ အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ကြတယ်။
ဒီပွဲကတော့ ဘရတ်ဒလေနဲ့ ကွမ်းဆက်တို့ဟာ တိုက်စစ်မှာ ပွဲထွက်ခဲ့ကြတဲ့ ကစားသမားတွေထက် ပိုကောင်းခဲ့ကြပါတယ်။ ခက်ခဲတဲ့ ပွဲအစကို ရင်ဆိုင်ရပေမယ့် ဒီနှစ်ဦးရဲ့ တိုးတက်မှုတွေက သိသာပါတယ်။
ပုံစံကောင်းရနေတဲ့ ကွင်းလယ်
လက်ရှိ ပရီးမီးယားလိဂ်မှာ မက်ကယ်လစ္စတာဟာ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပါလိမ့်မယ်။ အသင်းဟောင်းကို ရင်ဆိုင်ရာမှာ မရပ်တန့်တဲ့ ခြေထောက်တွေနဲ့အတူ သူ့ရဲ့ ထိုးထွင်းနိုင်စွမ်းနဲ့ ဘောလုံးအမြင်တွေက ဩချဖို့ ကောင်းခဲ့ပါတယ်။ ဒီရာသီ အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုပါပဲ။
ဘရိုက်တန်ရဲ့ ထိုးဖောက်ချက်တွေကို မှန်ကန်တဲ့ အခိုက်အတန့်တွေမှာ ပြစ်ဒဏ်လုပ်ပြီး တားဆီးနိုင်တယ်၊ ပြိုင်ဘက် ကစားသမားတွေနဲ့ စီးချင်းထိုးပြီး တိုက်စစ်အတွက် အခွင့်အလမ်းပေါင်း များစွာကိုလည်း ရအောင် ဖန်တီးပေးနိုင်ပါတယ်။
သူနဲ့အတူ အန်ဒိုနဲ့ ဆိုဘိုစလိုင်တို့ရဲ့ ကွင်းလယ်မှာ တိုက်စစ် ခံစစ်အတွက် ကူညီပေးနိုင်မှုတွေက ဒီပွဲရဲ့ ကျေနပ်စရာ အကောင်းဆုံး အပိုင်းထဲ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဟာဗေး၊ ဂရာဗင်ဘက်ချ်တို့ အားဖြည့်ပေးခဲ့ပါတယ်။
မကြာခင်မှာတော့ ဒီကွင်းလယ်ထဲကို ထရန့် ပူးပေါင်းလာမှာဖြစ်သလို ကာတစ်ဂျုံးလည်း ပါလာဦးမှာပါ။ အသင်းရဲ့ ကွင်းလယ်က အားရဖို့ကောင်းပါတယ်။
အလုပ်မဖြစ်တဲ့ ကောင်တာ
ဒီရာသီမှာ လီဗာပူးရဲ့ ကောင်တာတိုက်စစ်တွေ အတော်လေး အားနည်းပါတယ်။ တိုက်စစ်ပိုင်း တစ်ဦးချင်း ထိုးဖောက်ပုံတွေ ထိရောက်မှု အားနည်းခဲ့တဲ့ လီဗာပူးဟာ ဘရိုက်တန်ပွဲမှာ အကောင်းဆုံး ကောင်တာ ထိုးဖောက်မှု ၃ ကြိမ် ရခဲ့ပါတယ်။
၁ ကြိမ်က ဒီယက်ဇ်ရဲ့ ဆုံးဖြတ်ချက် အမှားကြောင်း ပြိုင်ဘက် ဂိုးပေါက်နားထိ မရောက်ခဲ့ပါဘူး။ နောက်တစ်ကြိမ်မှာ ဒီယက်ဇ်၊ ဆာလာတို့ တွဲလုံးကနေ ဆာလာ ကန်သွင်းခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ထိရောက်ခဲ့သလို ဂိုးရခဲ့တဲ့ နောက်ထပ် တစ်ကြိမ်ကလည်း ဆာလာရဲ့ ပေးချက် ကောင်းပေမယ့် ဒီယက်ဇ် အနည်းငယ် လူကျွံနေခဲ့ပါတယ်။
မတူညီတဲ့ တိုက်စစ်ပုံစံနဲ့ သွင်းဂိုးတွေရနေသေးပေမယ့် လီဗာပူးရဲ့ ကောင်တာတိုက်စစ်ဟာ ဆာ၊ ဖာ၊ မာ ခေတ်လွန်မှာ အတော်လေးကို အားနည်းသွားခဲ့ပါတယ်။
ဖိုင်နယ် ၉ ပွဲ
ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ အပြီးမှာ လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်၊ တတိယနေရာက မန်စီးတီးကို ၃ မှတ် ဖြတ်နိုင်ခဲ့ပါပြီ။ လက်ကျန် ပွဲစဉ်တွေမှာ ပွဲစဉ် အားလုံးကို အနိုင်ရရင် ပြိုင်ဘက်တွေရဲ့ ရလဒ်ကို ကြည့်စရာ မလိုပါဘဲ ချန်ပီယံဖြစ်ပါမယ်။
လီဗာပူးအတွက် အရေးပါတဲ့ ပွဲစဉ်တွေ ရှိလာမှာဖြစ်ကာ ယူနိုက်တက်၊ အဲဗာတန်၊ အက်စတွန်ဗီလာ၊ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့ကို အဝေးကွင်းသွားကစားဖို့နဲ့ ရှက်ဖီး၊ ပဲလေစ့်၊ စပါး၊ ဝုဗ်တို့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
ဒီကရှေ့ ပွဲငယ်ရယ်လို့ မရှိတော့ပါဘူး။ ပွဲအားလုံးဟာ နိုင်မှရမယ့် ဖိုင်နယ်ပွဲတွေချည်းပဲ ဖြစ်ပါတယ်။