နည်းပြကလော့ပ် ထောက်ခံပေးနေလို့ လီဗာပူးကို ဒီဇာဘီ ရောက်လာနိုင်ကြောင်း သတင်းတွေအတွက် ရိုမန်နို မှတ်ချက်ပေး

ဒီနွေမှာ လီဗာပူးအသင်းကို နည်းပြသစ် ဘယ်သူရောက်လာမယ်ဆိုတာ စိတ်ဝင်စားနေကြကာ အမ်မိုရင်းနဲ့ ဒီဇာဘီတို့ကတော့ ရေပန်းအစားဆုံး နာမည်တွေပဲ ဖြစ်ပါတယ်။

ဘရိုက်တန်ကို ၂-၁ ဖြင့် အနိုင်ရအပြီးမှာ နည်းပြကလော့ပ်က ” ဒီဇာဘီကို ဘောလုံးလောကအား လှုပ်ခါနေအောင် ဆက်လက် သွားပါလို့ ကျနော် ပြောခဲ့ပါတယ်။ သူ့ကို ကျနော် အတော်လေး လေးစားပါတယ်။

မာကာနဲ့ ကိုင်ဆီဒိုတို့ကို ဆုံးရှုံးခဲ့သလို ကစားသမား အများအပြား ဒဏ်ရာရနေပေမယ့် ဘရိုက်တန်ကို တစုတစည်းထဲဖြစ်အောင် သူ စုစည်းထားနိုင်တာ မလွယ်ကူတဲ့ အလုပ်ပါ ” လို့ အီတလီနည်းပြကို ချီးကျူးစကား ပြောခဲ့တာပါ။

ကလော့ပ်ရဲ့ မှတ်ချက်က လီဗာပူးနည်းပြနေရာ ဒီဇာဘီကို မြင်ချင်နေတာလား?လို့ မှတ်ချက်ထုတ်မှုတွေ ကျယ်ပြန့်ခဲ့သလို ကလော့ပ်က ဘရိုက်တန်နည်းပြကို သူ့နေရာ ဆက်ခံဖို့ ထောက်ခံပေးနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိလာပါတယ်။ ဒီအတွက် သတင်းထောက် ရိုမန်နိုက သူသိထားသမျှကို မျှဝေသွားပါတယ်။

ရိုမန်နိုက “ ကလော့ပ်နေရာ ဆက်ခံသူ ဒီဇာဘီဖြစ်လာမယ် သတင်းတွေ ထွက်လာနေပေမယ့် ကျနော်ကတော့ အခုချိန်မှာ အမ်မိုရင်းက လီဗာပူးနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးလို့ပဲ ပြောပြချင်ပါတယ်။

ဒီဇာဘီကလည်း လီဗာပူး ပစ်မှတ်ထဲ ပါဝင်ပေမယ့် အခြေအနေတွေ တိုးတက်မလာသေးပါဘူး။ သူနဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်အသင်း ဘယ်လို ဆုံးဖြတ်မလဲကိုလည်း ကြည့်ရပါလိမ့်မယ်။ ဘိုင်ယန်ကလည်း ဘာမှ မဆုံးဖြတ်သေးပါဘူး ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးနဲ့ ကလောပ့်တို့ဟာ နောက်ထပ် ဆုဖလားတွေအတွက် ရာသီကုန်ထိ လက်တွဲသွားမှာဖြစ်ပေမယ့် အနာဂတ်အတွက်လည်း အသင်းက ပြင်ဆင်လာနေတာ ဖြစ်ပါတယ်။