အန်ဖီးမှာ ဘာစီလိုနာကို ၄ ဂိုးပြတ် အနိုင်ယူခြင်း အထိမ်းအမှတ်နေ့မှာ ကက်တလန်ကို ရောက်နေတဲ့ လီဗာပူးအသင်း

လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ဖြုတ်ချခဲ့တဲ့ လီဗာပူးဟာ ၄ နှစ်ပြည့်တဲ့ နေ့မှာတော့ စပိန်ကို အတူတကွ ခရီးထွက်ပြီး အနားယူတာက တိုက်ဆိုင်မှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

လာလီဂါကလပ်ကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲဟာ အန်ဖီးသမိုင်းမှာ အကျော်ကြားဆုံး ညတွေထဲ ပါဝင်ခဲ့ပါတယ်။ နူးကမ့်ထံ ချန်ပီယံလိဂ်ဖလား ပြန်သယ်ဆောင်လာပေးမယ် ကြွေးကြော်ခဲ့တဲ့ မက်ဆီရဲ့ အသင်းကို မယုံနိုင်စရာ comeback ဖြင့် အနိုင်ယူခဲ့တဲ့ အဆိုပါနှစ်မှာပဲ လီဗာပူးက ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တာပါ။

ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲပဲ ကစားဖို့လိုတော့ချိန် လီဗာပူးအသင်းသားတွေဟာ စိတ်အပြောင်းအလဲ ဖြစ်အောင် ရည်ရွယ်ပြီး ခရီးထွက်ခဲ့ဟန် ရှိပါတယ်။ ၁၃ ရက်အတွင်းမှာ လီဗာပူးအသင်းဟာ လက်စတာ၊ အက်စတွန်ဗီလာနဲ့ ဆောက်သမ်တန်တို့ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာက Salt Restaurant & Beach Club မှာ လီဗာပူး အသင်းသားတွေ အေးဆေး စားသောက်နေတဲ့ပုံကို ရိုက်မိခဲ့တဲ့ ပရိသတ် တစ်ဦးက လူမှုကွန်ယက်ပေါ်မှာ ပြန်တင်ခဲ့တာပါ။

ဓါတ်ပုံမှာတော့ ဟန်ဒါဆန်၊ ဆာလာ၊ ဂျိုတာ၊ ဟာဗေး၊ ကာဗာရို၊ မီလ်နာ၊ ဘာ့ဆဲတစ်၊ ထရန့်၊ ရိုင်းဝီလီယမ်၊ ဂိုးမက်စ်နဲ့ ချိန်ဘာလိန်တို့ ပါဝင်ခဲ့ပါတယ်။ သူတို့နဲ့အတူ ပထမအသင်းဆိုင်ရာ အော်ပရေးရှင်း မန်နေဂျာလည်း ပါဝင်တာမို့ အသင်းဘက်က စေလွှတ်တဲ့ ခရီးစဉ် ဖြစ်တယ်လို့ ယူဆရတယ်။

လီဗာပူးအသင်းဟာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နိုနဲ့ အာသာတို့ကို ထွက်ခွင့်ပေးမှာဖြစ်ပြီး ကစားသမား အချို့ကို ရောင်းချမှာဖြစ်ကာ နွေကျရင် ကြီးကြီးမားမား ပြောင်းလဲမှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။