

ခံစစ်မှူး ကွမ်းဆက်ဟာ ထရန့်နောက်ပိုင်း ကလော့ပ် လက်အောက်မှာ ပွဲထွက်ခွင့် အများဆုံးရတဲ့ အကယ်ဒမီ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။
အကယ်ဒမီရဲ့ အကောင်းဆုံး ခံစစ်ထုတ်ကုန်အဖြစ် စီနီယာအသင်းထံ ဝင်ရောက်လာပြီး ရာသီကြို ၅ ပွဲလုံး ပါဝင်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ ဒီရာသီ လီဗာပူးအတွက် ၂၆ ပွဲ ကစားထားရာမှာ ၂၁ ပွဲက ပွဲထွက်လူစာရင်းကနေ ပါဝင်ထားရတာပါ။
ကလော့ပ် လက်အောက်မှာ တစ်ရာသီအတွင်း ပွဲချိန် မိနစ် အများဆုံးရတဲ့ အကယ်ဒမီ ကစားသမားအဖြစ် ဒီရာသီမှာ ကွမ်းဆက် ကစားခွင့်ရခဲ့တာ ၁၉၂၆ မိနစ် ရှိနေပြီဖြစ်ပါတယ်။
ဒါဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်းက ကာတစ်ဂျုံး ကစားခွင့်ရခဲ့တဲ့ ၁၉၂၀ မိနစ်ကို ကျော်လွန်သွားပါတယ်။ ဒါ့အပြင် ဗန်ဒိုက် ဒဏ်ရာရနေချိန် ပုံမှန် ပွဲထွက်ခွင့်ရခဲ့တဲ့ နက်ဖီးလစ်နဲ့ ရိုင်းဝီလီယမ်၊ ကလော့ပ် ပထမဆုံး လီဗာပူးကို ကိုင်တဲ့နှစ်က ဂျော်ဒန်အိုဘ်တို့ရဲ့ တစ်ရာသီအတွင်း ပွဲကစားမိနစ်တွေကိုလည်း ကျော်သွားခဲ့တာပါ။
🔴 Jarell Quansah has now played more minutes in a single season than any other #LFC academy player under Jurgen Klopp NOT named @TrentAA.
1️⃣ Jarell Quansah – 1,926* (current)
2️⃣ Curtis Jones – 1,920 (2020/21)
3️⃣ Nat Phillips – 1,724 (2020/21)What a breakthrough. 👏 pic.twitter.com/NBMCgDnuHO
— Jack Lusby (@LusbyJack) March 31, 2024
နွေစျေးကွက်မှာ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူခဲ့ခြင်း မရှိဘဲ ဂိုးမက်စ်၊ ကွမ်းဆက်တို့နဲ့ပဲ ရှေ့ဆက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ မာတစ် ဒဏ်ရာရခဲ့ခြင်းက ကွမ်းဆက်အတွက် အခွင့်အရေးဖြစ်လာခဲ့တယ်။
အခြားသော ခံစစ်မှူး ကိုနတေးကလည်း ကြံ့ခိုင်မှုအရ အနားပေးဖို့ လိုအပ်မှုတွေရှိတာမို့ ကွမ်းဆက်က မျှော်လင့်ထားတာထက် ပွဲချိန်တွေ ပိုရလာခဲ့ပါတယ်။
မနှစ်ကရာသီ အင်္ဂလန်လိဂ် တတိယတန်းမှာ ကစားနေခဲ့တဲ့ လူငယ်ခံစစ်မှူးဟာ မထင်မှတ်လောက်အောင် တိုးတက်လာခြင်းဖြစ်ကာ နောက်ရာသီမှာလည်း အသင်းရဲ့ ခံစစ်အစုအဖွဲ့အတွက် အဓိက အသင်းသားတစ်ဦးအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။