လက်ရှိ ပရီးမီးယားလိဂ်မှာ ဖလားရဖို့ ရေပန်းအစားဆုံးအသင်းက လီဗာပူးပဲဖြစ်ပါတယ်လို့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ထုတ်ပြောလာခဲ့ပါတယ်။
ပွဲစဉ် ၉ ပွဲပဲ ကစားဖို့ ကျန်ရှိချိန်မှာ လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်၊ တတိယနေရာက မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။ လီဗာပူးရဲ့ ပွဲစဉ်တွေထဲမှာတော့ အက်စတွန်ဗီလာ၊ ယူနိုက်တက်၊ အဲဗာတန်တို့ကို အဝေးကွင်း ယှဉ်ပြိုင်ရမယ့် ပွဲကောင်းတွေ ပါဝင်နေပါသေးတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ မေးခံရချိန်မှာ-
“ ကျနော်ကတော့ လီဗာပူးလို့ပဲ ထင်ပါတယ်။ ကျနော် ထင်တာ ပြောတာပါ။ စိတ်ညစ်ညစ်နဲ့ သောက်ဦးမှပါပဲ ” လို့ စကိုင်းစပေါ့ စတူဒီယိုမှာ ရွိုင်ကိန်းက ထုတ်ပြောခဲ့ပါတယ်။
မဟာပြိုင်ဘက်ဟောင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်လို့ ပြောရတာကို ရင်နာနေပေမယ့် ဒါက လက်ရှိ အမှန်တရားပဲလို့ ရွိုင်ကိန်းက ယုံကြည်နေပါတယ်။
“ လေတိုက်တိုင်း ဆုံးဖြတ်ချက်တွေ လိုက်ပြောင်းတာမျိုး မလုပ်နိုင်ပါဘူး။ အရင်ကတော့ မန်စီးတီး ချန်ပီယံဖြစ်မယ် ပြောခဲ့ပေမယ့် အခုချိန်ခါမှာ လီဗာပူးပဲ ဖလားရမယ်လို့ ကျနော် မြင်ပါတယ်။ နောက်အပတ်ကျရင် ဒီဆုံးဖြတ်ချက်ကို ပြောင်းလို့ရမလား ကြည့်ကြတာပေါ့ဗျာ ” လို့ ဆက်ပြောခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲအပြင် ယူရိုပါလိဂ်မှာ ဖိုင်နယ်ထိ တက်နိုင်မယ်ဆိုရင် ၅ ပွဲ စုစုပေါင်း ၁၄ ပွဲပဲ ယှဉ်ပြိုင်ရတော့မှာပါ။
အယ်လီဆန်၊ ထရန့်၊ ဂျိုတာ၊ ဂျုံးတို့လို ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာရင် အသင်းရဲ့ ဆုဖလား စိန်ခေါ်မှုမှာ ခွန်းအားဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။