NEWS: လီဗာပူးတာဝန်ရှိသူတွေ ဘရိုက်တန်နည်းပြ ဒီဇာဘီကို သဘောမကျ၊ ချိတ်ဆက်မည် မဟုတ်

ဒီနွေမှာ ကလော့ပ် ထွက်ခွာတော့မှာမို့ လီဗာပူးအသင်းက မန်နေဂျာသစ်တစ်ဦး ရှာဖွေနေကာ ကလပ်ရဲ့ ဦးတည်ချက်က ဘယ်သူ့ထံ ရောက်သွားမလဲ ပိုမို ပြတ်သားလာနေပါပြီ။

ဒီတလောမှာ အမ်မိုရင်း၊ ဒီဇာဘီနဲ့ အင်ဇာဂီတို့က လီဗာပူးအသင်းနဲ့ သတင်းကြီးတွေ ထွက်လာနေတာပါ။ သူတို့ထဲက ဒီဇာဘီဟာ လီဗာပူးအသင်း ချိတ်ဆက်မှု လုပ်ဖွယ် မရှိတဲ့ စာရင်းထဲ ထည့်သွင်းခံလာရပြီဖြစ်ပါတယ်။

The Athletic သတင်းထောက် David Ornstein ကတော့ လီဗာပူးအသင်းဟာ ဒီဇာဘီကို ချိတ်ဆက်မှာ မဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ပြောလာပါတယ်။ အဓိက အကြောင်းရင်းက အီတလီသားရဲ့ အပိုသိပ်ပြောလွန်းတဲ့ အကျင့်စရိုက်ကြောင့်လို့ သိရပါတယ်။

David Ornstein က “ ပရီးမီးယားလိဂ် အတွေ့အကြုံကြောင့်တော့ လီဗာပူးက ရွေးမှာ မဟုတ်ပါဘူး။ ဒီဇာဘီနဲ့ သောမက်စ် ဖရန့်တို့ သူတို့ စာရင်းထဲ မပါတော့တာမျိုး ကျနော်တော့ မအံ့ဩပါဘူး။

လီဗာပူးအသင်းက အင်တာဗျူး လုပ်ခဲ့ပြီးပြီးလား မလုပ်ရသေးဘူးလား? အဲ့တာက အရေးမကြီးပါဘူး။ သူတို့ နှစ်ဦးက လီဗာပူးနည်းပြဖြစ်လာမှာ မဟုတ်ပါဘူး။

ကျနော်တို့ကတော့ လီဗာပူးအတွက် ဒီဇာဘီက သင့်လျော်သူ မဟုတ်ဘူးဆိုတဲ့ ပြောပြမှုကို သတင်းရထားပြီးပါပြီ။ ဒီဇာဘီရဲ့ အပိုပြောတတ်မှုနဲ့ ဒေါသထွက်လွယ်မှုကို လီဗာပူးဘက်က သဘောမကျပါဘူး ” လို့ ရှင်းပြပါတယ်။

ဒီဇာဘီကို လီဗာပူး ပယ်ချလိုက်တာလား ဆိုတာအတွက်လည်း Ornstein က ” ကျနော်ရထားတဲ့ သတင်းအချက်အလက်အရ လီဗာပူးနည်းပြရာထူးကို ဒီဇာဘီ ရဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ကိစ္စ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော် ကြားသိထားပါတယ် ” လို့ ဆိုခဲ့ပါတယ်။