ကလော့ပ်နဲ့ ကံကြမ္မာတူတဲ့ စပို့တင်းနည်းပြ အမ်မိုရင်း

လီဗာပူးအသင်းဟာ လာမယ့်ရာသီ မန်နေဂျာသစ်အဖြစ် စပို့တင်းနည်းပြ အမ်မိုရင်းကို ဦးတည်ကြိုးစားမယ့် အရိပ်အယောင်တွေ များပြားလာနေပါပြီ။

ကလော့ပ်နေရာ ဆက်ခံသူအတွက် လီဗာပူးဘက်က ရှာဖွေနေရာမှာ အလွန်ဆို၊ ဒီဇာဘီလို ပစ်မှတ်တွေကို ဖယ်ထုတ်လိုက်ပြီဖြစ်ပါတယ်။ အလွန်ဆိုက လေဗာပူဆင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သလို ဒီဇာဘီကိုတော့ လီဗာပူးဘက်က သဘောမကျပါဘူး။

လီဗာပူးအသင်းဟာ အမ်မိုရင်းကို ခေါ်ယူဖို့ရာ ဘာစီလိုနာအပြင် အချို့သော ဥရောပအသင်းတွေနဲ့ပါ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

အမ်မိုရင်းရဲ့ စာချုပ်ပါကြေးဟာ ပေါင် ၁၂.၉ သန်းနဲ့ ညီမျှတဲ့ ယူရို ၁၅ သန်းဖြစ်ပြီး ဒီပမာဏကို ပေးချေဖို့ လီဗာပူးဘက်က အဆင်ပြေပါတယ်။ စာချုပ်ပါကြေး ရှိနေခြင်းကြောင့် စပို့တင်းဟာ အမ်မိုရင်းကို ဆွဲထားဖို့ မလွယ်ကူတော့ပါဘူး။

အသက် ၃၉ နှစ်ပဲ ရှိသေးပြီး အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောဆိုတတ်တဲ့ အမ်မိုရင်းဟာ ကလော့ပ်နဲ့ ကံကြမ္မာတူတဲ့ နည်းပြတစ်ဦးဖြစ်နေတာက ထူးခြားမှုပါ။ သူဟာ ပေါ်တူဂီရဲ့ Big 3 ထဲမှာ ပါဝင်ပေမယ့် ဖလားရဖို့ ၁၉ နှစ်ကြာ စောင့်ဆိုင်းနေရတဲ့ စပို့တင်းကို အမှတ်ပေးဖလား တစ်ကျော့ပြန် အောင်မြင်စေခဲ့သူပါ။

ကလော့ပ်ဟာ လီဗာပူးအသင်းကို နှစ်ပေါင်း ၃၀ အကြာမှာ အမှတ်ပေးဖလား တစ်ကျော့ပြန် အောင်မြင်စေခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ ပြည်တွင်းလိဂ်တွေမှာ ဓနအင်အား တောင့်တင်းတဲ့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်ရပုံချင်း တူညီပါတယ်။

စပို့တင်းဟာ ချန်ပီယံဖြစ်ပြီးနောက် သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ ပါလင်ညာ၊ ပက်ဒရို ပေါ်ရို၊ မက်သရူး နူးနက်စ်အစရှိသူတွေကို ပရီးမီးယားလိဂ်ကလပ်တွေထံ ရောင်းချခဲ့ပါတယ်။ မနှစ်ကရာသီမှာ စပို့တင်းဟာလည်း လီဗာပူးနည်းတူ ဖလားစိန်ခေါ်တဲ့ အဆင့်ကနေ လျော့ကျခဲ့ပါတယ်။

စပို့တင်းတို့ ဖရိုဖရဲဖြစ်သွားပေမယ့် အမ်မိုရင်းဟာ အဓိက ထောက်တိုင်တွေ မရှိတော့တဲ့ လူစာရင်းကို ပြန်လည်စုဖွဲ့ကာ တိုက်စစ်အသားပေးကို ကိုင်စွဲရင်း ဒီရာသီမှာ အမှတ်ပေးဖလား ပြန်လည် အောင်မြင်ဖို့ အားထုတ်နေတယ်။

ကလော့ပ်ရဲ့ လီဗာပူးဟာလည်း မနှစ်ကရာသီတွေမှာ အဓိက ထောက်တိုင်တွေ ပြုတ်သွားမှုနဲ့အတူ သွေးသစ်လောင်းပြီး ဒီရာသီမှာ အမှတ်ပေးဖလား အောင်မြင်ဖို့ ဆက်လက် အားထုတ်လာနေပါတယ်။

အမ်မိုရင်းဟာလည်း ကလော့ပ်နည်းတူ အဝတ်လဲခန်း ထိန်းချုပ်မှု ကောင်းမွန်သူဖြစ်တယ်။ သူ့ကို communication skills သိပ်ကောင်းတယ်လို့ ဆိုကြပြီး ကစားသမားတွေကို လူရှေ့မှာ ဝေဖန်မှု မရှိပုံခြင်းမှာလည်း ကလော့ပ်နဲ့ ဆင်ပါတယ်။

ဒါဟာ လီဗာပူးက ကလော့ပ် ပုံတူ တစ်ဦးကို ခေါ်ယူခြင်းဆိုတာထက် အကျင့်စရိုက်ပိုင်းမှာ ကလော့ပ်လိုပဲ အသင်းအတွက် စံပြတစ်ဦဖြစ်မယ့် နည်းပြမျိုးကို ရှာဖွေခြင်းလို့ ဆိုလိုတာပါ။ သူတို့ကြား အနည်းငယ် ကွဲပြားတာက အမ်မိုရင်းဟာ သူ့နည်းပြဘဝမှာ ဒို်င်တွေနဲ့ ပြဿနာဖြစ်မှု မရှိတာပါပဲ။

ဒီရာသီမှာ လီဗာပူးကော စပို့တင်းပါ အမှတ်ပေးဖလား အနိုင်ရဖို့ အကျိတ်အနယ် ကြိုးစားနေကြဆဲဖြစ်ကာ အောင်မြင်ခဲ့မယ်ဆိုရင် ကလော့ပ်နဲ့ အမ်မိုရင်းတို့ဟာ သူတို့ရဲ့ ဒုတိယမြောက် အမှတ်ပေးဖလားတွေကို ကိုယ်စီ အောင်မြင်ကြမှာဖြစ်ပါတယ်။