လီဗာပူးက မက်အယ်လစ္စတာကို ချိတ်ဆက်နေလို့ လှောင်ပြောင်ခဲ့တဲ့ ဂယ်ရီနဗီး

လီဗာပူးအသင်းက မက်အယ်လစ္စတာကို ခေါ်ယူဖို့ ကြိုးစားနေပြီး အရေးသာနေပြီဆိုတဲ့ သတင်းတွေ ထွက်လာတဲ့နောက် ယူနိုက်တက် ခံစစ်သမားဟောင်း ဂယ်ရီနဗီးက လူမှုကွန်ယက်ပေါ်ကနေ လှောင်ပြောင်ခဲ့ပါတယ်။

လက်ရှိ ဘရိုက်တန်မှာ ကစားနေတဲ့ မက်အယ်လစ္စတာဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သူပါ။ သူဟာ ဒီရာသီ ဘရိုက်တန်တို့ရဲ့ ဥရောပ မျှော်လင့်ချက်အတွက် အဓိကကျသူ တစ်ဦးဖြစ်သလို နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ယူနိုက်တက်နဲ့ပွဲစဉ်မှာ အသဲခွဲဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ နာမည်ကြီးသတင်းထောက် ရိုမန်နိုက လီဗာပူးအသင်းဟာ ပြိုင်ဘက် မန်ယူနိုက်တက်ကို ကျော်ပြီး အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူအား လက်မှတ်ထိုးနိုင်ဖို့ အခြေအနေ ကောင်းနေပြီလို့ ဖော်ပြလာခဲ့တယ်။

ဂယ်ရီနဗီးကပဲ “ လီဗာပူးက ဘယ်လင်ဟမ်ကို မခေါ်တော့ဘူး ဒါပေမယ့် မက်အယ်လစ္စတာကို ခေါ်မယ်တဲ့လား? အဲ့လို ခေါ်လိုက်လို့ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့် နေရာကို ပြန်ရသွားဖို့ လုံလောက်ပါ့မလား? ပေါင် သန်း ၈၀ တောင် ပေးရမှာနော် ” ဆိုပြီး ထုတ်ဖော် ရေးသားသွားတာ ဖြစ်ပါတယ်။

လီဗာပူးဘက်က အယ်လစ္စတာကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ပြောင်းရွှေ့ကြေး ဘယ်လောက် ဆိုတာမျိုးတော့ မသိရသေးပါဘူး။

ဂယ်ရီနဗီးရဲ့ ပေါင် သန်း ၈၀ တန်ရဲ့လား သဘောမျိုးရေးသားခဲ့တဲ့ ပိုစ့်အောက်မှာတော့ “ကိုယ့်အသင်း ခေါ်ယူထားပြီး သုံးစားမရတဲ့ မက်ဂွဲရား၊ အန်တိုနီ၊ ဆန်ချိုလို ဂျင်း ကစားသမားတွေအတွက်ပဲ အာရုံစိုက်စမ်းပါ နဗီးရာ ” လို့ လီဗာပူး ပရိသတ်တွေက တုန့်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။