ဒီနွေမှာ လီဗာပူးအသင်းက မာကာကို ဘရိုက်တန်အသင်းကနေ ပေါင် ၃၅ သန်းပေးပြီး ခေါ်ယူခဲ့ပါတယ်။
အာဂျင်တီးနား ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး နည်းပါးပေမယ့် လီဗာပူးအသင်းဘက်က မြင့်မားတဲ့ လုပ်ခအပြင် အေးဂျင့်ခတွေ၊ လက်မှတ်ထိုးကြေးတွေ အများကြီး အကုန်အကျခံခဲ့ရသေးတာပါ။ အသင်းဘက်က စိတ်အားထက်သန်မှုကြောင့်လည်း မာကာက အန်ဖီးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မာကာဟာ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ ကစားသမားဖြစ်ခဲ့လား? လို့ မေးခံရမှုအတွက် ကလော့ပ်က တုန့်ပြန်ရာမှာ
“ သူ့အပေါ်မှာ ကျနော်ရဲ့ မျှော်လင့်ချက်က အကန့်အသတ် မရှိပါဘူး။ အကန့်အသတ်လည်း မထားလိုပါဘူး။ သူက ကျနော် အသည်းအသန် လိုချင်တဲ့ ကစားသမားဆိုာကို သိခဲ့တယ်။ ကျေးဇူးတော်ကြောင့် သူ့ကိုလည်း ရခဲ့ပါတယ်။
ဘရိုက်တန်မှာ သူသင်ယူခဲ့တာတွေက သိပ်ကို အသုံးဝင်ပါတယ်။ ဒါပေမယ့် လီဗာပူးလို ပတ်ဝန်းကျင်သစ်မှာ မတူညီတဲ့ နေရာတစ်ခုအတွက် သူ အသားကျဖို့ အချိန်လိုခဲ့ပါတယ်။
ဘာကိုမှ ကြိုမသိနိုင်ဘူးလေ။ သူ နံပါတ် ၆ နေရာ ကစားနိုင်မလားဆိုတာအတွက် ဆွေးနွေးမှုတွေ အများကြီး ရှိခဲ့တာပါ။ ကိုယ့်ရဲ့ comfort zone အပြင်ဘက်ကို ဖောက်ထွက် ကစားတာက အမြဲတမ်း အကူအညီဖြစ်ပါတယ်။
မာကာရဲ့ အကောင်းဆုံး နေရာက နံပါတ် ၈ ဆိုတာ လူတိုင်းသိတယ်။ သူက နံပါတ် ၆ နေရာမှာလည်း အဲ့လောက်ကောင်းကောင်း ကစားနိုင်ပါတယ်။
သူ့ကို မခေါ်ခင်တည်းက အကြို စကားပြောမှုတွေ ကျနော်တို့ လုပ်ထားခဲ့တယ်။ သူက သိပ်ကောင်းတဲ့ လူတစ်ယောက်ဆိုတာ ကြိုသိခဲ့ပါတယ်။ ကျနော်တို့ရဲ့ စပိန်စကားပြော အဖွဲ့မှာ သူက အင်္ဂလိပ်လို အကောင်းဆုံး ပြောနိုင်သူပါ။
သူတို့အဖွဲ့က အတူထိုင်လေ့ရှိတယ်။ အယ်လီက ထိပ်ဆုံးက။ ကိုပါအမေရိကမှာ သူတို့ချင်း ပြန်ရင်ဆိုင်ရင်တော့ တကယ့်ဟာသပဲ။ မာကာက သိပ်ကို အရေးကြီးတဲ့ ကစားသမား၊ ကျနော်တို့အတွက် အရမ်း အရေးပါပြီး အဖိုးတန်တဲ့သူပါ ” လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။