ပွဲပယ် ပြစ်ဒဏ်တွေ မခံရဖို့ လာမယ့် ၃ ပွဲမှာ အဝါမထိအောင် သတိထား ကစားရမယ့် လီဗာပူးအသင်းသား ၂ ဦး

ပရီးမီးယားလိဂ် ဘောလုံးရာသီ ကုန်ဆုံးဖို့ ၉ ပွဲပဲ ကျန်ရှိချိန်မှာ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာနေတာက လီဗာပူးအတွက် ကိစ္စကောင်းပါ။

ဒါပေမယ့် အန်ဒိုနဲ့ ဒါဝင်တို့ဟာ သူတို့ရဲ့ အပြုအမှုပိုင်းမှာ ပိုမို စည်းစနစ်ရှိဖို့ လိုအပ်နေကြကာ လာမယ့် ၃ ပွဲအတွင်း အဝါကတ် ၂ ကြိမ် မရဖို့ ဂရုစိုက်ရတော့မှာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝါကတ် ၈ ကြိမ်စီ ပြသခံထားရပါပြီ။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ ပွဲစဉ် ၃၂ မတိုင်ခင် အဝါကတ် ၁၀ ကတ် ပြခံရရင် ၂ ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါဝင်ဟာ နောက်ဆုံးကစားထားတဲ့ ၄ ပွဲဆက်တိုက်မှာ အဝါကတ် ပြသခံခဲ့ရပြီး အန်ဒိုကတော့ နောက်ဆုံး ကစားတဲ့ ၆ ပွဲအတွင်း အဝါကတ် ၃ ကြိမ် ပြသခံထားရပါတယ်။

ရှက်ဖီး၊ မန်ယူနိုက်တက်၊ ပဲလေစ့်ပွဲတွေမှာ အဝါကတ် ၂ ကတ် မရအောင် ကြိုးစားနိုင်ခဲ့မယ်ဆိုရင် ပြစ်ဒဏ်ဟောင်းတွေကို ထည့်တွက်မှာ မဟုတ်လို့ ပွဲပယ်ကနေ ကင်းလွှတ်မှာဖြစ်ပါတယ်။

ထရန့်၊ ဂျိုတာတို့ ပြန်သက်သာလာပေမယ့် အန်ဒိုနဲ့ ဒါဝင်တို့ဟာ လက်ရှိ လီဗာပူးအသင်းမှာ အရေးပါသူတွေဖြစ်နေကြတာမို့ ပုံစံကောင်းတွေ ဆက်ထိန်းနိုင်ရေး သူတို့ ဆက်လက် ပါဝင်နေဖို့ လိုအပ်ပါမယ်။

လီဗာပူးရဲ့ ဖလားပြိုင်ဘက် အသင်းတွေဟာ ဒီမနက်ပွဲတွေမှာ ကိုယ်စီ အနိုင်ရခဲ့တာမို့ ရှက်ဖီးယူနိုက်တက်ပွဲမှာ အသင်းက အနိုင် ၃ မှတ် အပြည့်ယူနိုင်ဖို့နဲ့ ဂိုးများများ သွင်းနိုင်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။