ကလော့ပ်ခေတ်မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အတုမရှိ comeback king အသင်းဖြစ်ပါတယ်။ ဒီရာသီဟာဆိုရင် လီဗာပူးသမိုင်းမှာ ရှုံးပွဲကနေ နိုင်ပွဲပြန်ယူနိုင်စွမ်း အမြင့်ဆုံး ဘောလုံးရာသီဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နောက်ကနေ လိုက်ကစားပြီး ရမှတ် ပြန်စုဆောင်းနိုင်ခဲ့တာဟာ ၂၆ မှတ်ထိရှိပါတယ်။ ဘာလို့ လီဗာပူးက ဒီလို လုပ်နေနိုင်တာလဲ ဆိုတာကို ခေါင်းစဉ်လေးတွေ ခွဲပြီး LFCThaDin ပရိသတ်တွေကို ပြောပြပါမယ်။
အရန်စာရင်း အသုံးပြုခွင့်
ကျနော်တို့ ဝဘ်ဆိုဒ်ကို ပုံမှန်ဖတ်နေကျသူတွေဆိုရင် ဒီအပိုင်းကို မကြာခဏ ဖတ်ဖူးကြပါလိမ့်မယ်။ လူစားလဲမှု ၅ ခု ပြုလုပ်ခွင့်ရကတည်းက ကလောပ့်ဟာ လူစားလဲခွင့် အများဆုံး သုံးတဲ့ နည်းပြဖြစ်ပါတယ်။
လီဗာပူးလို အင်အားကို ပြင်းပြင်းထန်ထန် အသုံးပြုတဲ့ အသင်းအတွက်ကတော့ လူစားလဲခွင့်ဟာ သိပ်ကို အရေးကြီးပါတယ်။ အသင်းမှာက ဂိုးသွင်းနိုင်စွမ်း သိပ်မကွာခြားတဲ့ တိုက်စစ်သမားတွေ (ဆာလာကလွဲလို့)၊ မတူညီတဲ့ ကွင်းလယ်လူတွေ ရှိပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းရဲ့ အရန်ကစားသမားတွေဟာ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု ၂၂ ကြိမ်မှာ ပါဝင်ပေးထားပါတယ်။ ပြိုင်ပွဲစုံမှာဆိုရင် ၄၇ ကြိမ်ထိတောင် ရှိပါတယ်။ လီဗာပူးနောက် အရန် လူစာရင်းကနေ အကျိုးအဖြစ်ဆုံး အသင်းဖြစ်တဲ့ အက်စတွန်ဗီလာတောင် ပြိုင်ပွဲစုံမှာ ၂၁ ကြိမ်ပဲ ရှိပါတယ်။
အားပြည့်တဲ့ ကွင်းလယ်
မနှစ်ကရာသီမှာ လီဗာပူးအသင်းရဲ့ ပြဿနာတွေက ထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။ ဟန်ဒါဆန်၊ မီလ်နာတို့ အသက်ရလာချိန် ချိန်ဘာလိန်၊ ကိတ်တာတို့က ဒဏ်ရာ ပြဿနာတွေနဲ့ပဲ လုံးပန်းနေရတယ်။ ဖာဘင်ညိုကလည်း ကမ္ဘာ့ဖလားကြောင့် ပုံမှန် ခြေစွမ်း မရှိသလို သီယေဂိုရဲ့ ပါဝင်ပေးနိုင်စွမ်းက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
လီဗာပူးအသင်း ကွင်းလယ် အားဖြည့်ဖို့ လိုအပ်ချိန်မှာ အဲ့နေရာကို မျက်ကွယ်ပြုဖို့ အသင်းက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း လီဗာပူးပိုင်ရှင်တွေကော၊ နည်းပြကလော့ပ်ပါ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရခဲ့ပါတယ်။ တဖက်မှာ အသင်းရဲ့ အားကစားဒါရိုက်တာ အပါအဝင် အကြီးတန်း ပုဂ္ဂိုလ်တွေ နှုတ်ထွက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီရာသီမှာ မာကာ၊ ဆိုဘိုစလိုင်၊ ဂရာဗင်ဘက်ချ်၊ အန်ဒိုတို့လို ကစားသမားတွေ ဝင်ရောက်လာတဲ့နောက် လီဗာပူးကွင်းလယ်ဟာ ဒီနှစ်တွေထဲမှာ ကြံ့ခိုင်မှု အကောင်းဆုံးနဲ့ ယုံကြည်စိတ်ချရမှု အရှိဆုံး အနေအထားကို ပြန်ရောက်လာပါတယ်။
ဒီကွင်းလယ်အကြောင်း အများကြီး ချဲ့ပြောစရာတွေ ရှိပါသေးတယ်။ အခုကတော့ ဒီလောက်နဲ့ပဲ ရပ်ထားပါဦးမယ်။
အထနှေးခြင်း တနည်းအားဖြင့် ပြန်ဆယ်ချိန်ရှိခြင်း
ဒီအပိုင်း ပြောရမှာ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းဟာ ပွဲအစ ၂၅ မိနစ်အတွင်း ဂိုးပေးခဲ့ရတာ ၈ ကြိမ် ရှိထားပါတယ်။ ပွဲအစ ၁၅ မိနစ်မှာတင် ဂိုးပေးရတာဆိုရင် ၆ ကြိမ် ရှိပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဘရိုက်တန်ပွဲမှာဆိုရင် ပွဲအစ ၂ မိနစ်မှာ တင် ပေးထားရတာပါ။
လီဗာပူးရဲ့ အထနှေးခြင်းဟာ ပြဿနာ တစ်ရပ်ဖြစ်ပေမယ့် အရှုံးရလဒ်ကို တုန့်ပြန်ဖို့ရာ ပွဲချိန်တွေ ကျန်ရှိတာက အခွင့်အရေးဖြစ်ပါတယ်။ အသင်းဟာ ပွဲချိန် နောက်ဆုံး မိနစ် ၃၀ အတွင်း အနိုင်ဂိုး သွင်းယူခဲ့တာ ဒီရာသီမှာ ၈ ကြိမ်ထိ ရှိထားပါတယ်။
ကစားသမားထက် စနစ်ကို ပိုမို မှီခိုခြင်း
နည်းပြကလော့ပ်နဲ့ ပပ်လင်ဒါးတို့ဟာ ကစားသမား တစ်ဦးတစ်ယောက် အပေါ် မှီခိုတာထက် စနစ်ဖြင့် သွားတဲ့ အသင်းကို တည်ဆောက်လိုတာပါ။ လီဗာပူးအသင်းမှာ ဘယ်သူမရှိလို့ ဆိုတာမျိုးထက် ကွင်းထဲ ထည့်လိုက်တဲ့ ကစားသမား ၁၁ ဦးဟာ ဘယ်သူပဲဖြစ်နေနေ ဒီစနစ်အတိုင်း ကစားနိုင်ဖို့မျိုးကို ဆိုလိုပါတယ်။
ဒီရာသီ လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ မာကာတို့လို ကစားသမားတွေကို အားကိုးနေရပါတယ်။ ဒါပေမယ့် အသင်းရဲ့ ဒဏ်ရာ မှတ်တမ်းကို ကြည့်မယ်ဆိုရင် အယ်လီဆန်၊ ထရန့်၊ ဂျိုတာ၊ ဆာလာ အစရှိတဲ့ အဓိက ကစားသမားတွေ မပါဘဲ ဖြတ်ကျော်ရတာ မနည်းပါဘူး။
ထရန့် မရှိလို့၊ ဆာလာ မပါလို့ဆိုပြီး လီဗာပူးအသင်း ပြိုလဲမသွားခြင်းဟာ ကစားသမားထက် အသင်းလိုက် စနစ်အပေါ် မှီခိုခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ကလော့ပ်ရဲ့ သက်ရောက်မှု
လူတစ်ယောက်ကြောင့် အသင်းတစ်သင်းရဲ့ အင်အားနဲ့ လှုံ့ဆော်မှု ကြီးကြီးမားမား သက်ရောက်တယ်ဆိုတာ လက်ခံဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ၂၀၁၅ မှာ အသင်းထံ ကလော့ပ် ရောက်လာပြီးတည်းက ပွဲမပြီးခင် နောက်ဆုံး စက္ကန့်ထိ အရှုံးမပေးတတ်တာက လီဗာပူးရဲ့ DNA ဖြစ်လာပါတယ်။
အန်ဖီးမှာ နော်ဝစ်ချ်ကို ၃-၁ နဲ့ ရှုံးနေရာက ၅-၄ နဲ့ အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ၊ ဒေါ့မွန်ကို ၄-၃ နဲ့ အနိုင်ယူခဲ့တဲ့ ယူရိုပါလိဂ်ပွဲ၊ ဘာစီလိုနာကို အိမ်ကွင်းမှာ ၄-၀ နဲ့ အနိုင်ယူခဲ့တဲ့ပွဲ ဒီပွဲတွေအားလုံးဟာ အန်ဖီးနဲ့ လီဗာပူးအသင်းကြား ကလော့ပ် ပေါင်းကူးပေးနိုင်ချိန်တွေမှာ ထွက်ပေါ်ခဲ့တဲ့ အံ့မခန်းရလဒ်တွေဖြစ်ပါတယ်။
မနှစ်ကရာသီမှာတော့ ကျော်ကြားလှတဲ့ “mentality monsters” တွေဟာ ပြိုလဲခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ အသင်း ထိခိုက်နာကျင်ရချိန်မှာ ကလော့ပ် ရခဲ့တဲ့ ဖိအားကပဲ သူ လီဗာပူးအသင်းကနေ ထွက်ဖို့ ဖြစ်လာစေခဲ့တာပါပဲ။
ဒါပေမယ့် နည်းပြကလော့ပ်ဟာ လီဗာပူးကို ပြန်စုစည်းပေးခဲ့ပါတယ်။ သူဟာ အသင်းကို ဆုဖလားစိန်ခေါ်နိုင်တဲ့အသင်း၊ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အသင်း ဆိုတဲ့ အဆင့်ကို ပြန်ပို့ပြီးမှ ထွက်ခွာသွားမှာဖြစ်ပါတယ်။
ကလော့ပ် စုစည်းပေးမှုအောက်မှာ အားကောင်းခဲ့တဲ့ နာမည်ကျော် အန်ဖီး အားပေးမှုတွေဟာ ဥရောပဘောလုံးမှာ ပြိုင်ဘက်တိုင်း လေးစားရတဲ့ ရှင်သန်ဆဲ ဒဏ္ဍာရီ တစ်ခုအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။