

ပြီးခဲ့တဲ့ အပတ်မှာ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့ ရှုံးပွဲ ကိုယ်စီ တွေ့လိုက်ခြင်းဟာ ရာသီသိမ်း ပွဲစဉ်တွေမှာ ထိပ်ဆုံး ၄ သင်းထဲ ဘယ်အသင်းတွေ ဝင်နိုင်မလဲ အတွက် စိတ်ဝင်စားစရာတွေ ဖြစ်လာခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ဖို့ အခွင့်အရေးကို ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ အသင်း မဟုတ်ပါဘူး။ ပြိုင်ဘက်အသင်းတွေ ခြေချော်တာကို စောင့်နေရချိန်မှာ ကိုယ့်အသင်းကလည်း လက်ကျန် ၃ ပွဲလုံးကို အနိုင်ယူဖို့ လိုနေပါတယ်။ ဒါကြောင့် ဖြစ်မလာနိုင်တာမျိုး မဟုတ်ပေမယ့် အတော်လေးကို အခွင့်အရေး နည်းနေဆဲ ဖြစ်ပါတယ်။
ဒီတော့ လက်စတာ၊ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရဦးမယ့် လီဗာပူးအသင်းဟာ ပြိုင်ဘက်တွေ ဘယ်လို ရလဒ်ထွက်လာရင် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်နိုင်မလဲ ဖော်ပြပေးပါမယ်။
Newcastle – Leeds (A), Brighton (H), Leicester (A), Chelsea (A).
နယူးကာဆယ်ဟာ လီဗာပူးထက် ၁ ပွဲ လျော့ကစားထားပြီး အမှတ်ပေးဇယားမှာ ၃ မှတ်အသာဖြင့် ဦးဆောင်နေပါတယ်။ ဒါ့အပြင် သွင်းဂိုး ဂိုးပေါင်းမှာတော့ နယူးကာဆယ် အသင်းက ၇ ဂိုး အသာရနေတာ ဖြစ်ပါတယ်။
ပထမဆုံးနဲ့ အရေးကြီးဆုံးက လီဗာပူးအသင်း လက်ကျန်ပွဲစဉ် အားလုံးကို အနိုင်ရဖို့ လိုအပ်မှာဖြစ်ပါတယ်။ နယူးကာဆယ်ကလည်း လက်ကျန် ၄ ပွဲမှာ ရမှတ် ၆ မှတ်ထက် ပိုမရမှ အသင်းအတွက် မျှော်လင့်ချက် ရှိလာမှာပါ။ ဒါတောင်မှ လက်ကျန် ၃ ပွဲမှာ လီဗာပူးက နယူးကာဆယ်ထက် သွင်းဂိုး ၅ ဂိုးလောက် ပိုသွင်းနိုင်ဖို့ လိုပါလိမ့်မယ်။
နယူးကာဆယ်တို့ လက်ကျန် ပွဲတွေမှာ ၃ ပွဲလောက် ခြေချော်မှပဲ အဆင့် ၄ ထဲဝင်ဖို့ သူတို့ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
Man Utd – Wolves (H), Bournemouth (A), Chelsea (H), Fulham (H).
မန်ချက်စတာ ယူနိုက်တက်က လီဗာပူးထက် ၁ ပွဲလျော့ ကစားထားပြီး ၁ မှတ်အသာ ရထားပါတယ်။ သွင်းဂိုးပိုင်းမှာတော့ လီဗာပူးက ၁၈ ဂိုးလောက် ပိုသာနေတာ ဖြစ်ပါတယ်။
လီဗာပူးအသင်း လက်ကျန်ပွဲစဉ် အားလုံးကို အနိုင်ရဖို့ လိုအပ်မှာဖြစ်ပါတယ်။ ယူနိုက်တက်က သူတို့ ပွဲစဉ် ၄ ပွဲအတွင်း ရမှတ် ၈ မှတ်ထက် ပိုမရမှ လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ဖို့ အခွင့်အရေး ရှိမှာပါ။ ဆိုလိုတာက ယူနိုက်တက်ကလည်း လက်ကျန်ပွဲတွေမှာ ၂ ပွဲ ဆက်ပြီး ခြေချော်မှပဲ အသင်းအတွက် အခွင့်အရေး ရှိပါလိမ့်မယ်။