မာကာရဲ့ မှော်ဝင်မှု၊ မှန်ကန်တဲ့ လူစားလဲခြင်း၊ မန်ချက်စတာ ယူနိုက်တက်နဲ့ မနက်ကပွဲအပြီး စကားစမြည်း ပြောစရာများ

မှော်ဆရာ မာကာ

ပုံမှန် နံပါတ် ၆ သမားဖြစ်တဲ့ အန်ဒို မပါနိုင်ချိန်မှာ မာကာက နောက်ကို ပြန်ဆင်းကစားခဲ့ရပါတယ်။ ဒါပေမယ့် အသင်း စွမ်းဆောင်ရည်အပေါ် သူ့ရဲ့ သက်ရောက်မှုကြီးက ဆက်ရှိနေဆဲပါ။ သူ ဦးဆောင်မှုနဲ့အတူ လီဗာပူးအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက ၈၃% ထိ ရှိခဲ့ကာ ပရီးမီးယားလိဂ် စံချိန်ပါ တင်ခဲ့ပါတယ်။

ဒီပွဲမှာ အာလုံးရဲ့ စိတ်နှလုံးကို သိမ်းကြုံးယူခဲ့တာကတော့ မာကာရဲ့ ဦးဆောင်ဂိုးပါပဲ။ သပ်ရပ်တဲ့ အဝေးကန်ချက်ဟာ ဂိုးတိုင်ထောင့်ထဲ ဝင်သွားခဲ့တယ်။ ဖရီးကစ် ကန်ချက်ကလည်း လှပသပ်ရပ်ပေမယ့် တိုင်ထိခဲ့တာ သိပ်နှမျောဖို့ ကောင်းပါတယ်။ ဒီလတွေအတွင်း သူဟာ အသင်းရဲ့ မရှိမဖြစ် ကစားသမားဖြစ်နေပါတယ်။

ဒဏ်ရာက ပြန်လာတဲ့ ကွင်းလယ်လူတွေ

ဒဏ်ရာက သက်သာလာတဲ့ ဂရာဗင်ဘက်ချ်ဟာ ပွဲထွက်လူစာရင်းကနေ ပြန်ပါလာခဲ့ပါတယ်။ မာကာကစားတာကို မြင်ပြီးသားလူတွေအတွက် ဂရာဗင်ဘက်ချ်ရဲ့ ကစားဟန်က နှေးကွေးတယ် ခံစားရတယ်။ အသင်းရဲ့ တန်ပိုကို ဆွဲတင်ပေးနိုင်ခြင်း မရှိပေမယ့် တိုက်စစ်ပိုင်း ကစားရာမှာ သူ့ရဲ့ ပါဝင်ပေးမှုကတော့ မဆိုးလှပါဘူး။

ဒုတိယပိုင်းမှာ နောက်ထပ် လူစားဝင်လာတဲ့ ကာတစ်ဂျုံးကတော့ ဂရာဗင်ဘက်ချ်ထက် စာရင် အသင်းနဲ့ ပိုမို အံဝင်ခဲ့ပါတယ်။ မိနစ် ၂၀ ပဲ ကစားပေမယ့် ဂရာဗင်ဘက်ချ်လောက်နီးနီး ဘောလုံးထိချက်ရခဲ့သလို ပိုပြီး သွက်လက် ထိရောက်မှု ရှိပါတယ်၊ တိုက်စစ်ကို လိုက်ပါဖို့ စိတ်အားထက်သန်ပါတယ်။ ကွင်းလယ်လူတွေ ပြန်ရလာခဲ့တာ ဝမ်းသာစရာပါ။

မှန်ကန်တဲ့ လူစားလဲမှုတွေ

ဒီနေ့ပွဲမှာ နည်းပြကလော့ပ်က ဂရာဗင်ဘက်ချ်၊ ဆာလာ၊ ဂိုးမက်စ်၊ ဆိုဘိုစလိုင်တို့ကို လူစားလဲခဲ့ပါတယ်။ ဆာလာဆိုရင် မိနစ် ၆၀ မှာတင် လူစားလဲခံရလို့ အတော်လေး တင်းသွားတာပါ။ ဒီလူစားလဲမှုတွေဟာ မှန်ကန်တယ်လို့ ထောက်ခံရပါလိမ့်မယ်။

ဆာလာထံက အန္တရာယ်ကြီးတဲ့ အခိုက်အတန့် အချို့ ဖော်ဆောင်နိုင်တာ မြင်ရပေမယ့် ဒဏ်ရာက ပြန်လာပြီးတဲ့နောက် သူ့ခြေစွမ်းက ပုံမှန်အောက်မှာပဲ ရှိနေပါတယ်။ ရော်ဘတ်ဆန်နဲ့ ဟာဗေးတို့ ကွင်းထဲ ဝင်လာချိ်န်မှာ အသင်းရဲ့ ကစားပုံက တက်ကြွလာခဲ့ပါတယ်။ တန်ပို ပြန်မြင့်လာပါတယ်။

ဒါဝင်ရဲ့ ဖိအားပေးပုံ မလျော့ခြင်းက ဦးဆောင်ဂိုးဖြစ်စေခဲ့သလို ဘယ်ခြမ်းမှာ ဒီယက်ဇ်ကလည်း တော်တော်လေး ရုန်းနေပါတယ်။ ဒီတလောမှာ တိုက်စစ်ကတော့ ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပါ။

နိုင်ပွဲတွေ ဂိုးတွေ ရနေကြပေမယ့် ဒီတလော ဒါဝင်၊ ဒီယက်ဇ်၊ ဆာလာတို့ တိုက်စစ်မှာ အတူတွဲကစားတာ လိုက်လျောညီထွေ မရှိဘူး၊ စည်းစနစ်ကျကျ ချိတ်ဆက်နေတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဆာလာကို ခပ်စောစော ထုတ်ခဲ့တာလို့ ထင်ပါတယ်။

ပွဲတိုင်း ဂိုးပေးနေရခြင်း

အသင်းက ပွဲတိုင်း ဂိုးပေးနေရတာ သိပ်တော့ မကောင်းတဲ့ ခံစားချက်မျိုး ရှိပါတယ်။ ဘရတ်ဒလေရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိမှုက ကံဆိုးတာပါ။ ဘောလုံးက သူ့ခြေအကျမှာ လာထိပြီး ကန်မိသလိုဖြစ်ခဲ့တာပါပဲ။ ဒီပွဲမှာ ကိုနတေးထက်တော့ သူက အများကြီး ပိုကောင်းပါတယ်။

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ကိုနတေးက သက်သောင့်သက်သာ မရှိသလောက် ဘရတ်ဒလေ၊ ကလယ်ဟာတို့ကတော့ ပုံမှန်အတိုင်း စွမ်းဆောင်နိုင်ဆဲပါ။ ခံစစ်က ပိုမို ကျစ်လစ်ဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ။

မန်ချက်စတာ ယူနိုက်တက်

ဒီအပတ်မှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရပါမယ်။ ဒီအသင်းကိုတော့ နိုင်ပါတယ်ကွာဆိုတဲ့ စိတ်ထားလိုက်တာနဲ့ ဒီပွဲကို တစ်ဝက် ရှုံးနေပါလိမ့်မယ်။ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မသေချာတော့တဲ့ ယူနိုက်တက်ဟာ အမှတ်ပေးဖလား အကြိမ် ၂၀ ရတာချင်း တူညီသွားမယ့် အခွင့်အရေးမျိုး လီဗာပူးကို ပေးမှာ မဟုတ်ပါဘူး။

ဒီရာသီ အခက်ခဲဆုံး အဝေးကွင်းပွဲမျိုး ကစားရနိုင်ပါတယ်။ လွယ်ကူတဲ့ နိုင်ပွဲကို မျှော်လင့်နေတာထက် အနိုင် ၃ မှတ်ရရမယ့် ပြိုင်ဘက် တစ်သင်းရဲ့ ကွင်းကနေ အနိုင်ကလွဲလို့ အခြားရလဒ် မထွက်အောင် အားထုတ်ဖို့ပဲ အာရုံစိုက်ကြသင့်ပါတယ်။