လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ကလပ်တွေအတွင်း လူစားလဲခွင့် ၅ ကြိမ်ကို အကျိုးအရှိဆုံး အသုံးချနိုင်တဲ့ အသင်းအဖြစ် ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းရဲ့ အရန်ကစားသမားတွေဟာ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု ၂၄ ကြိမ်မှာ ပါဝင်ပေးထားပါတယ်။ ပြိုင်ပွဲစုံမှာဆိုရင် ၄၉ ကြိမ်ထိတောင် ရှိပါတယ်။ လီဗာပူးနောက် အရန် လူစာရင်းကနေ အကျိုးအဖြစ်ဆုံး အသင်းဖြစ်တဲ့ အက်စတွန်ဗီလာတောင် ပြိုင်ပွဲစုံမှာ ၂၁ ကြိမ်ပဲ ရှိပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ စတင် အသုံးပြုခွင့်ရခဲ့တဲ့ လူစားလဲမှု ၅ ကြိမ်ဟာ အသင်းတိုင်း တူညီစွာ အသုံးပြုခွင့်ရပေမယ့် ပိုင်ပိုင်နိုင်နိုင် အသုံးချနေသူက နည်းပြကလော့ပ်ပဲ ဖြစ်ပါတယ်။
Once again this season the Liverpool subs make the difference, Klopp has utilised the 5 sub rule better than anyone. #LIVSHU
— Jamie Carragher (@Carra23) April 4, 2024
လူစားလဲမှု ၅ ကြိမ်ရရေး အဓိက တောင်းဆိုတဲ့ ပရီးမီးယားလိဂ် နည်းပြတွေထဲမှာ ယာဂင်ကလော့ပ် ထိပ်ဆုံးက ပါဝင်ခဲ့ပြီး ဂွာဒီယိုလာနဲ့ ယခင် ချယ်ဆီးနည်းပြ တူချယ်တို့ကလည်း ထောက်ခံခဲ့တယ်။
အဓိက ကန့်ကွက်သူတွေထဲမှာတော့ ပရီးမီးယားလိဂ်ရဲ့ အင်အားနည်းကလပ်တွေ ပါဝင်ခဲ့ပါတယ်။ လက်ရှိ အဲဗာတန်နည်းပြ ဆမ်ဒိုက်ဟာ ဘန်လေအသင်းကို ကိုင်တွယ်တုန်းက ဆိုရင် လူစားလဲမှု ၅ ခုက ကလော့ပ်အတွက်ပဲ အကျိုးဖြစ်လိမ့်မယ်လို့ ပြောင်ပြောင်တင်တင် ထုတ်ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။
“ ကျွန်တော်သာ လီဗာပူးနည်းပြဆိုရင် လူစားလဲခွင့် ၅ ကြိမ် လိုချင်မယ် ထင်ကြလား။ သေချာတာပေါ့။ ကျွန်တော်က အဲ့ဒီ့လို အဆင့်အတန်းနဲ့ ကလပ်မှာ ရှိခဲ့ရင် ၇ ကြိမ် လောက်တောင် တောင်းဆိုလိုက်ဦးမယ်။
ဘာလို့လဲဆိုတော့ အရံခုံမှာ ပွဲကစားချင်နေတဲ့ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိနေတာကိုး။ ကွင်းထဲ သူတို့တွေကို ပိုပြီး ထည့်ပေးနိုင်လေ ပိုကောင်းလေပေါ့ ” လို့ ဆမ်ဒိုက်က ထုတ်ပြောထားခဲ့တာ ဖြစ်ပါတယ်။
အရန်ခုံက ကစားသမားတွေကို ပွဲချိန်တွေ ပိုပေးခြင်းဟာ ကလပ်တွေရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ အဓိက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက်ပါ အကျိုးဖြစ်ကြောင်း ကလော့ပ်က ပြိုင်ဘက်အသင်းတွေကို သင်ပြပေးနေခဲ့ပြီဖြစ်ပါတယ်။