ယူနိုက်တက်၊ စပါးတို့နဲ့ မဟုတ်ဘဲ လီဗာပူး Title Race ကနေ ခြေချော်သွားနိုင်တဲ့ ပရီးမီးယားလိဂ် ၄ ပွဲ

လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ကျော်ပြီး လီဗာပူး အသင်းက ဦးဆောင်နေပေမယ့် ကလော့ပ်ရဲ့ အသင်း Title Race မှာ ခြေချော်သွားနိုင်တဲ့ ပွဲစဉ် ၄ ပွဲ ရှိတယ်လို့ ဂန်းနား တိုက်စစ်သမားဟောင်း သီယို ဝဲလ်ကော့ က သုံးသပ်လာပါတယ်။

လီဗာပူးအသင်းဟာ ညက ရှက်ဖီးကို အန်းဖီးကွင်းမှာ ၃-၁ နဲ့ အနိုင်ယူပြီး ဇယားထိပ်ကို ပြန်လည် သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ချန်ပီယံ ဆု အတွက် အဓိက စိန်ခေါ်နေတဲ့ ၃သင်းထဲမှာ အမှတ် ကွာဟမှုက ၃ မှတ်တည်းသာ ရှိတာကြောင့် ဘာမဆို ပြောင်းလဲသွားနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲပါ။

လီဗာပူးက လာမယ့် တနင်္ဂနွေနေ့မှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒါ့အပြင် လီဗာပူးက လက်ကျန်ပွဲတွေမှာ စပါး၊ အက်စတွန်ဗီလာတို့လို Top 4 အတွက် ရုန်းမယ့် အသင်းတွေနဲ့လည်း တွေ့ဦးမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဝဲလ်ကော့ကတော့ လီဗာပူး ခြေချော်ကျသွားနိုင်တဲ့ ပွဲစဉ်တွေ ရှိနေသေးကြောင်း အခုလို သုံးသပ်လာပါတယ်။

” လီဗာပူး ကစားရမယ့် ပွဲတွေထဲမှာ အတ္တလန္တာနဲ့ (ယူရိုပါလိဂ် ကွာတား ဒုကျော့) ပွဲပြီးရင် အဝေးကွင်းပွဲ ၄ ပွဲ ဆက်တိုက် ကစားဖို့ ရှိပါတယ်။ ဒါက သူတို့အတွက် ခြေချော်မယ့် ပွဲတွေ ဖြစ်လာနိုင်တယ်။

အဝေးကွင်းပွဲ လေးပွဲ ဆိုတာ ကောင်းတာ မဟုတ်ဘူး။ နောက်ပြီးတော့ ပြိုင်ဘက်ကွင်းမှာ သွား ကစားရတယ် ဆိုရင် ကစားသမားတွေကို သက်ရောက်စေနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိတယ်။

နောက်ပြီး လီဗာပူးက ဂွတ်ဒီဆင်ပါ့ခ်လည်း သွားချင်မှာ မဟုတ်ဘူး။ ” လို့ ဝဲလ်ကော့က ထောက်ပြခဲ့ပါတယ်။

ဝဲလ်ကော့ ရည်ညွှန်းတဲ့ အဝေးကွင်းပွဲ ၄ ပွဲကတော့ ဖူလ်ဟမ်၊ အဲဗာတန်၊ ဝက်စ်ဟမ်း နဲ့ အက်စတွန်ဗီလာနဲ့ တွေ့မယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။ လီဗာပူးက ဖူလ်ဟမ်၊ အဲဗာတန်၊ ဝက်စ်ဟမ်းတို့နဲ့ အဝေးကွင်း ၃ပွဲ ဆက်တိုက် ကစားပြီး စပါးကို အိမ်ကွင်းမှာ ဧည့်ခံကာ နောက်ပွဲမှာ ဗီလာကို အဝေးကွင်း ထပ်သွား ကစားရမှာ ဖြစ်ပါတယ်။