လီဗာပူး မနိုင်ရေး အားကုန်ထုတ်မယ့် ယူနိုက်တက်ကို ရင်ဆိုင်ဖို့ နည်းပြကလော့ပ် ထုတ်သုံးဖွယ်ရှိတဲ့ ပွဲထွက်လူစာရင်း

ဒီကနေ့ညမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိုးထရတ်ဖိုဒ့်ထံသွားကာ ၃ မှတ်အတွက် ယှဉ်ပြိုင်ရပါမယ်။

သမိုင်းဝင်ပြိုင်ဘက်ပဲ ပြောပြော ပရီးမီးယားလိဂ် အဆင့် ၆ နေရာက ခြေစွမ်းကျနေတဲ့ အသင်းပဲဆိုဆို လီဗာပူးအတွက် ဒီပွဲမှာ အနိုင် ၃ မှတ် ရအောင် ယူဖို့ကလွဲလို့ ရွေးချယ်စရာ မရှိပါဘူး။ ယူနိုက်တက်ဘက်ကတော့ လီဗာပူးရဲ့ အကြိမ် ၂၀ မြောက် အမှတ်ပေးဖလား ရည်မှန်းချက်ကို သူတို့ကွင်းမှာတင် ဖျက်ဆီးဖို့ အားထည့်လာမှာပါ။

ဒီပွဲဟာ အသင်းရဲ့ လက်ကျန် ဖိုင်နယ်ပွဲ ၈ ပွဲထဲက ၁ ပွဲဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား အောင်မြင်ချင်ရင် ဖိအားကြီး ရှိနေနေ မရှိနေနေ ဒီပွဲကို နိုင်မှရပါမယ်။

Team news

  • ဒီပွဲမှာ အန်ဒို ပါဝင်ကစားဖွယ်ရှိပါတယ်။
  • ရှက်ဖီးပွဲအပြီး ဒဏ်ရာရ ကစားသမား မရှိပါဘူး။
  • ထရန့်၊ ဂျိုတာတို့ ဒီပွဲပြီးမှ အသင်းလိုက် လေ့ကျင့်ရေးနဲ့ ပူးပေါင်းမှာပါ။

Liverpool’s XI vs. Man United

ဒီပွဲအတွက် လီဗာပူးအသင်းမှာ ရွေးချယ်စရာ လူစာရင်း ၂ မျိုးပဲ ရှိပါတယ်။ ပထမတစ်မျိုးကတော့ ကြံ့ခိုင်မှု ကောင်းနေတဲ့ ကစားသမားတွေကို ဦးစားပေးဖို့ဖြစ်ပြီး ဒုတိယတစ်မျိူးကတော့ ဒဏ်ရာက ပြန်သက်သာလာတဲ့ အသင်းသားတွေကို နေရာပြန်ပေးဖို့ဖြစ်ပါတယ်။

ဂိုးသမားနေရာမှာ ကလယ်ဟာပဲ ဆက်လက် ပွဲထွက်မှာဖြစ်ကာ ဘယ်သူမှ ဒဏ်ရာမရဘူး ဆိုတာကြောင့် အီဘူးကို ဗန်ဒိုက်နဲ့ တွဲပေးဖွယ်ရှိပါတယ်။ ဘယ်ခြမ်းမှာ ရော်ဘတ်ဆန် ပြန်ပါလာဖို့ရှိပါမယ်။ ညာခြမ်းမှာတော့ ခံစစ်ပိုလုံသလို သမ္ဘာပိုကျတဲ့ ဂိုးမက်စ်ကို ထားတာမျိုးပါ။

ကွင်းလယ်မှာ ဂရာဗင်ဘက်ချ်ကို ထုတ်ပြီး အန်ဒိုကို ဝင်စေခြင်းနဲ့ မာကာကို နံပါတ် ၈ နေရာ တက်စေပါမယ်။ အခြားသော ကွင်းလယ်ဘက်ခြမ်းမှာတော့ ဆိုဘိုဖြစ်ပါတယ်။ တိုက်စစ်ကတော့ ဒါဝင်၊ ဒီယက်ဇ်၊ ဆာလာပဲဖြစ်ပါတယ်။

နောက်ထပ် လူစာရင်းကတော့ အီဘူးနေရာ အစားဝင်နေပြီး ကောင်းကောင်းစွမ်းဆောင်ပြထားတဲ့ ကွမ်းဆက်ကို ဗန်ဒိုက်နဲ့ တွဲပေးဖို့ပါ။ အစွန်မှာတော့ ညာခြမ်းက ဘရတ်ဒလေ၊ ဘယ်ခြမ်းက ရိုဘိုတို့ဖြစ်ပါတယ်။

ကွင်းလယ်မှာ ကလော့ပ်ရဲ့ ဖိအားပေးစနစ်မှာ အသားကျနေတဲ့ ကာတစ်ဂျုံးကို နေရာပြန်ပေးပြီး မာကာ၊ အန်ဒိုတို့နဲ့ တွဲပေးကာ တိုက်စစ်ကတော့ ဒါဝင်၊ ဒီယက်ဇ်၊ ဆာလာပဲဖြစ်ပါတယ်။

နည်းပြကလော့ပ်အတွက် ပွဲထွက် လူစာရင်းမှာ ရွေးချယ်စရာတွေ ရှိလာတာက ကျေနပ်စရာဖြစ်ပါလိမ့်မယ်။