စနေနေ့ အစောပွဲတွေအပြီး အာဆင်နယ်နဲ့ မန်စီးတီး နိုင်ပွဲ ကိုယ်စီရခဲ့တာမို့ ဇယားထိပ် ပြန်တက်ဖို့ဆိုရင် ယူနိုက်တက်ကို လီဗာပူးအသင်း အနိုင်ကစားရပါလိမ့်မယ်။
လီဗာပူးအသင်းဟာ နောက်အပတ်မှာပဲ စပို့တင်းနည်းပြ အမ်မိုရင်းနဲ့ အလုံးစုံ သဘောတူညီမှု ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
အမ်မိုရင်းကတော့ ဒီကရှေ့ သူ့အနာဂတ်အကြောင်း မီဒီယာရှေ့ကနေ ထုတ်ပြောပေးမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားပါတယ်။
ပေါ်တူဂီကလပ် ဘင်ဖီကာအသင်း ပရိသတ်တွေကတော့ မနေ့ကပွဲမှာ စပို့တင်းကို ၂-၁ ဖြင့် ရှုံးနိမ့်အပြီး အမ်မိုရင်းကို လီဗာပူးအသင်း မြန်မြန်ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ အမ်မိုရင်းဟာ သူတို့ရဲ့ ဆုဖလား ရေပန်းစားမှုတွေကို ဖျက်ဆီးခြင်းအပေါ် သဘောမကျဖြစ်နေတာပါ။
ရှက်ဖီးပွဲအပြီး ဒဏ်ရာရစာရင်း မရှိသလို ကွင်းလယ်လူ အန်ဒိုဟာ ယူနိုက်တက်ပွဲမှာ ပွဲထွက်ကနေ ပါဝင်ပေးဖို့ အဆင်ပြေတယ်လို့ နည်းပြကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။
သူနဲ့ မန်စီးတီးနဲ့ တိုက်စစ်သမား အဲဗာရက်စ်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားကြောင်း မာကာက ထုတ်ပြောပါတယ်။ မနှစ်က အဲဗာရက်စ် ပရီးမီးယားလိဂ်ဖလား ရပြီးပြီမို့ ဒီနှစ်တော့ လီဗာပူးနဲ့အတူ သူ့အလှည့်လို့လည်း စနောက်ခဲ့ကြောင်း ပြောပြပါတယ်။
ထရန့်၊ ဂျိုတာ၊ အယ်လီဆန်နဲ့ ဘာ့ဂျ်ဆဲတစ်တို့ဟာ နောက်အပတ်မှာ အသင်းနဲ့အတူ လေ့ကျင့်ရေး ဝင်ကြမှာဖြစ်ပါတယ်။
ဒီညပွဲကြို ယူနိုက်တက်မှာ ခံစစ်ပိုင်း ပြဿနာတွေရှိနေပြီး မက်ဂွဲရားတော့ ပါဝင်ကစားနိုင်မယ်လို့ မန်ချက်စတာ သတင်းတွေက ဆိုပါတယ်။
ဟူးစီးတီးမှာ အငှားထွက်ကစားနေတဲ့ ကာဗာရိုဟာ ချန်ပီယံရှစ်ပွဲမှာ သွင်းဂိုး ၂ ဂိုး ထပ်မံ ပေါင်းထည့်နိုင်ခဲ့ပါတယ်။
မနေ့ညက ယူ-၁၈ အဆင့်ပွဲမှာ လီဗာပူးလူငယ်တွေက ယူနိုက်တက် လူငယ်အသင်းကို ၁-၉ ဖြင့် ဂိုးပြတ် ရှုံးနိမ့်သွားပါတယ်။ ဒီညမှာ စီနီယာအသင်း တုန့်ပြန်ပေးဖို့ မျှော်လင့်ပါတယ်။