လီဗာပူးရဲ့ ဖြုန်းတီးမှု
လီဗာပူးအသင်း ဆုဖလားအောင်မြင်ချင်တယ်ဆိုရင် ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ရပါမယ်။ အသင်းရဲ့ တိုက်စစ်သမားတွေ ပြိုင်ဘက်ဧရိယာထဲမှာ စိတ်ကြိုက် ဖြုန်းတီးနေမှုကို ကြည့်ပြီး နည်းစနစ်လိုင်းမှာ ပေါက်ကွဲနေတဲ့ ကလော့ပ်ရဲ့ ပုံရိပ်တွေဟာ လီဗာပူးပရိသတ်တွေကို ကိုယ်စားပြုပါတယ်။
အသင်းဟာ ပြိုင်ဘက် ဧရိယာအနားမှာ တည်တည်ငြိမ်ငြိမ် အခွင့်အရေး ဖော်ဆောင်နေတာမျိုးတောင် မရှိခဲ့ဘဲ အနောက်က ကျားလိုက်ခံနေရသလို အလျင်စလို အပြုအမှုတွေနဲ့ ပေါ့ဆတဲ့ အဆုံးသတ်မှုတွေကို ပထမတစ်ပိုင်းလုံး လုပ်ခဲ့ပါတယ်။ အသင်းရဲ့ ဖြုန်းတီးမှုဟာ ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ ပြန်လာဖို့ အခွင့်အရေးပေးသလို ဖြစ်ခဲ့ပါတယ်။
ပွဲအပေါ် သက်ရောက်ခဲ့တဲ့ အမှား
ဒီနေ့ပွဲမှာ အကြီးမားဆုံး အမှားကတော့ ခံစစ်မှူး ကွမ်းဆက်ရဲ့ ပေါ့ဆလွန်းတဲ့ ပေးချက်ပါပဲ။ သူ့ထံက ဘောလုံးယူပေးဖို့ ကလယ်ဟာ ရှေ့တက်လာတဲ့ အခြေအနေမှာ အနားက ဗန်ဒိုက်ကို ဘောလုံးပေးဖို့ ရွေးချယ်ခဲ့ပြီး ခြုံငုံသုံးသပ်မှု အားနည်းခဲ့တာကနေ ဘရူနို ကြားဖြတ်ဝင်ယူကာ ခြေပဂိုး ပေးခဲ့ရပါတယ်။
ကွမ်းဆက်ဟာ ငယ်ရွယ်သေးပေမယ့် သင်ယူနိုင်စွမ်း ကောင်းသူပါ။ ဘောလုံးပြန်ဆန်မှုကောင်းတယ်၊ ဘောလုံးဝင်လုမှုကောင်းခဲ့တာတွေရှိတယ်။ ဒီအမှားက သူ့ကို သင်ခန်းစာကြီးတွေရစေမယ် မျှော်လင့်ပါတယ်။
ရုန်းကန်ခဲ့ရတဲ့ ကွင်းလယ်
ကွင်းလယ်မှာတော့ ဆိုဘိုစလိုင်ဟာ တည်ငြိမ်တဲ့ ခြေစွမ်းကို မပြသနိုင်ပါဘူး။ တိုက်စစ်သမားတွေနဲ့ ပူးပေါင်း ကြိုးစားခဲ့ပေမယ့် ပွဲအစောမှာရတဲ့ အခွင့်အရေးကောင်းကို ဖြုန်းတီးခဲ့သလို ဒုတိယပိုင်းမှာတော့ ခြေစွမ်း သိသိသာသာကျဆင်းခဲ့ပါတယ်။ သူ့နည်းတူ ဒီပွဲမှာတော့ အန်ဒိုလည်း ခြေစွမ်းပိုင်း ရုန်းကန်ခဲ့ရပါတယ်။
လူစားဝင်လာတဲ့ ဟာဗေးကတော့ ပွဲရဲ့ တန်ပိုကို တင်ပေးနိုင်ခဲ့ပြီး သူ့ကြောင့်ပဲ အသင်းက ခြေပဂိုးရခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ကစားဟန်ကလည်း ဟာဗေး ပါလာချိန်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးတော့ ထပ်မရခဲ့ပါဘူး။
ဂိုးသွင်းရမှာ ရှက်နေကြတဲ့ ဒါဝင်၊ ဆာလာ
ဒဏ်ရာကနေ ပြန်သက်သာလာပြီးတဲ့နောက် ဘရန့်ဖိုဒ့်ပွဲမှာ ဆာလာထံက အကောင်းဆုံး ခြေစွမ်းကို မြင်ခဲ့ရပေမယ့် ဒဏ်ရာပြန်ရခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ အီဂျစ်သားဟာ အတော်လေး ရုန်းကန်နေရပါတယ်။
ပွဲတွေမှာ ဆာလာ ဂိုးသွင်းနိုင်နေဆဲဖြစ်ပေမယ့် သူ့ထံက အမြဲတမ်း မြင်ရလေ့ရှိတဲ့ ထိရောက်မှုတွေ၊ ဖန်တီးပေးမှုတွေ သိသိသာသာ ကျဆင်းသွားတဲ့အပြင် အသင်းဖော်တွေ ဖန်တီးပေးလာတဲ့ အပိုင်း အခွင့်အရေးတွေကိုလည်း အဆုံးမသတ်နိုင်ပါဘူး။ ဒါပေမယ့် ညံ့ခဲ့တာက ဆာလာ တစ်ဦးတည်း မဟုတ်ပါဘူး။
ဒီရာသီ လီဗာပူးအတွက် သွင်းဂိုး ၃၀ မှာ ပါဝင် ပတ်သက်ပေးထားတဲ့ ဒါဝင်ကလည်း သူ့ခြေစွမ်း အကောင်းမြင်မှုတွေ ရလာချိန်မှာ အရင်လိုပဲ ဖြုန်းတီးမှုတွေ ပြန်လုပ်လာပါတယ်။ ဒုတိယပိုင်းမှာ ဒီယက်ဇ် ချပေးခဲ့တဲ့ အပိုင် အခွင့်အရေးကို လွဲချော်လိုက်ပုံက အံ့အားသင့်ဖို့တောင် ကောင်းပါတယ်။
ဖလားစိန်ခေါ်မှု
ဒီသရေပွဲကြောင့် လီဗာပူးအသင်းဟာ အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် အကွာဖြင့် ဒုတိယနေရာကို ရောက်သွားပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်ကြားမှာ သွင်းဂိုးက ၉ ဂိုးတောင် ကွာနေတာပါ။ လက်ကျန်ပွဲတွေကို နှစ်သင်းလုံး အနိုင်ရမယ်ဆိုရင် ဂိုးကွာခြားချက် ကွာဟမှုက အသင်းကို နောက်ရောက်စေပါတယ်။
ဘောလုံးရာသီ မကုန်ခင်ထိတော့ ဘာမှပြောလို့ မရနိုင်သေးပါဘူး။ အသင်းဟာ ဖလားစိန်ခေါ်မှုထဲ ဆက်ပါနေပေမယ့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တော့ မရှိတော့တာဖြစ်ပါတယ်။