ယူနိုက်တက်ကို သရေကျတဲ့ပွဲမှာ လီဗာပူးပရိသတ်တွေ ထောက်ပြကြတဲ့ အချက် (၄) ချက်

ကလယ်ဟာရဲ့ ရူးမိုက်မှု

ကွမ်းဆက်ရဲ့ အမှားက တစ်ဆင့် ရလာတဲ့ အခွင့်အရေးကို ဖာနန်ဒက်စ်က တိုက်ရိုက် ကန်သွင်းခဲ့ရာမှာ ကလယ်ဟာက ဒိုင်ဗင်ပစ်ပြီး ကာကွယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရွေးချယ်မှုက မှားယွင်းတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

ဘောလုံးကို ကာကွယ်ဖို့ ကြိုးစားချိန် ကလယ်ဟာက ပင်နယ်တီ ဧရိယာ အပြင်ဘက်မှာ ရှိနေတာပါ။ သူ ဘောလုံးကို ပုပ်မှုက လက်နဲ့ ထိခဲ့မယ်ဆိုရင် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံရမှာပါ။ အဲ့လိုဖြစ်ခဲ့ရင် အရန်မှာတော့ ဒီရာသီ တစ်ပွဲမှ မကစားရသေးတဲ့ အတ်ဒရီယန်ပဲရှိမှာဖြစ်သလို ပဲလေစ့်ပွဲမှာလည်း စပိန်သားကပဲ ဂိုးဖမ်းရမှာဖြစ်ပါတယ်။

ကောင်တာမှာ ထပ်ပြီး ဂိုးမသွင်းနိုင်

ကလော့ပ်ရဲ့ Liverpool 2.0 မှာ တိုးတက်လာမှုတွေ အများကြီး ရှိပေမယ့်လို့ ကောင်တာတိုက်စစ်ကတော့ ဆိုးဆိုးရွားရွား ကျဆင်းသွားပါတယ်။ ဒါဝင်နဲ့ ဒီယက်ဇ်တို့ဟာ ဖာမင်နို၊ မာနေးတို့ရဲ့ ဘောလုံးဉာဏ်ရည်မျိုး မရှိသလို ဆာလာ ကိုယ်တိုင်ကလည်း ကောင်တာတွေကို ကိုင်တွယ်နိုင်ခြင်း မရှိပါဘူး။

တချိန်က လီဗာပူးရဲ့ ကောင်တာ-တိုက်စစ်ဟာ တစ်ကြိမ်ပေါက်ရင် တစ်ဂိုးရတဲ့ထိ တိကျ သေချာခဲ့ပေမယ့် ဒီရာသီမှာတော့ အတော်လေးကို အလုပ်မဖြစ်လှပါဘူး။

စံချိန်တင် ကန်သွင်းမှုရပေမယ့် ၄ မှတ်လျော့ကျခြင်း

ဒီရာသီမှာ လီဗာပူးအသင်းဟာ မန်ယူနိုက်တက်ကို ရင်ဆိုင်ကစားပြီး ဂိုးကန်သွင်းချက် အကြိမ် ၉၀ လုပ်နိုင်ခဲ့ပေမယ့် နိုင်ပွဲ ၁ ပွဲမှ မရခဲ့ပါဘူး။ ပရီးမီးယားလိဂ် ၂ ပွဲမှာဆိုရင် ကန်ချက် ၆၂ ကြိမ်ရှိခဲ့ကာ သွင်းဂိုး ၂ ဂိုးပဲရခဲ့တာ ဖြစ်ပါတယ်။

Opta စတင်တဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်ကစရင် ဘယ်ကလပ်အသင်းကမှ ပြိုင်ဘက်အသင်းကို ဒီလောက်ထိ ဂိုးပေါက် ခြိမ်းခြောက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် အသင်းက အသုံးမချနိုင်ပါဘူး။

ချန်ပီယံပြေးလမ်းထဲ ဆက်ရှိနေဆဲ

မကောင်းမြင်စရာတွေထဲက အကောင်းမြင်ဖို့ရာမှာတော့ လက်ကျန် ၇ ပွဲ ကစားရဖို့ ရှိချိန်မှာ အသင်းဟာ ဖလားပြိုင်ပွဲကနေ ထွက်ခွာသွားရတာ မဟုတ်သေးပါဘူး။ ပွဲစဉ် အားလုံး အနိုင်ရမယ်ဆိုရင် တစ်ခုခုကို မျှော်လင့်နိုင်နေဆဲဖြစ်ကာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တော့ ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။