လီဗာပူး ဂန္တဝင်ကြီး ဖောင်လာက ဒီတလော အသင်းမှာ စံချိန်တကာ ပတ်ချိုးနေတဲ့ မိုဆာလာကို သူ့ရဲ့ ဂိုးသွင်းစံချိန်တွေကြောင့် အပတ်တိုင်းမှာ လူတိုင်းကို ကျရှုံးသလို ဖြစ်အောင်လုပ်နေတာပဲလို့ အရွှန်းဖောက်ခဲ့ပါတယ်။
ဆာလာရဲ့ နောက်ဆုံးစံချိန်တွေထဲက တစ်ခုက လီဗာပူးသမိုင်းမှာ ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ အိမ်ကွင်း ၉ပွဲဆက် ဂိုးသွင်းမှတ်တမ်းပဲ ဖြစ်ပါတယ်။ ဒါဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ခပ်ပါးပါးလေးကို ဆက်လက်ရှင်သန်စေပေမယ့် မထင်မှတ်ထားတာကို လုပ်ပြနိုင်ဖို့ဆိုရင် လက်ကျန်ပွဲအားလုံးကို အနိုင်ယူရမှာ ဖြစ်ပါတယ်။
ဒီအတွက် ဆာလာက အဓိကကျလာမှာဖြစ်ပြီး ၎င်းဟာ ကလပ်ဂန္တဝင်တစ်ယောက် ဖြစ်နေပြီးသားဆိုတာ ဖောင်လာက သံသယမရှိနေသလို သူသွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကြောင့် ဘယ်လိုအံ့အားသင့်ခဲ့ရလဲဆိုတာကို ပြောပြခဲ့ပါတယ်။
“ အပတ်တိုင်းမှာ သူက လူတိုင်းကို ကျရှုံးအောင် လုပ်နေတာပဲ။ သူ့ရဲ့ မှတ်တမ်းက အံ့ဩစရာကောင်းတယ်။ သူကလပ်ကို လာပြီးတော့ ဒီလိုမျိုး စွမ်းဆောင်ရည်တွေနဲ့ ဒီလောက်များတဲ့ ဂိုးတွေ သွင်းပေးလိမ့်မယ်လို့ ဘယ်သူမှ ထင်ခဲ့မှာမဟုတ်ဘူး။ ဒါပေမယ့် သူက လီဗာပူးအတွက် လုံးဝ ထူးခြားတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။
ဆာလာက တကယ့် ကြောက်စရာ သားရဲတစ်ကောင်ပဲ။ ကြီးကျယ်တဲ့ အသင်းဖော် တစ်ယောက်ပဲ။ မှန်ကန်တဲ့အရာတွေကို သူပြောတယ်၊ လုပ်တယ်။ ဘာများပြောနိုင်ဦးမှာလဲ။ သူက လီဗာပူးအတွက် ထူးခြားပြောင်မြောက်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်ခဲ့တာပါ ” လို့ ဖောင်လာက ဆိုပါတယ်။
ဆာလာက လီဗာပူးဂန္တဝင်တစ်ယောက်လားဆိုတဲ့ မေးခွန်းကိုလဲ ၎င်းက “ဒါပေါ့။ တကယ့်ဂန္တဝင်ပဲ။ သူအောင်မြင်ခဲ့တဲ့အရာတွေကို ကြည့်လိုက်။ သူလုပ်ပြခဲ့တာတွေကို ကြည့်လိုက်ရင် သူက လုံးဝ လီဗာပူးဂန္တဝင်တစ်ယောက် ဖြစ်သင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဆာလာက ဒီရာသီမှာ သိပ်ပြီး မလုပ်ပြနိုင်ဘူးလို့ ပြောကြပေမယ့် ပရီးမီးယားလိဂ် ၁၉ဂိုး၊ ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ဂိုး ၃၀ ထိ သွင်းထားတာပါ။ ဒါဟာ အင်္ဂလန်လိဂ်က သိပ်ကောင်းတဲ့ တိုက်စစ်မှူတွေတောင် လုပ်နိုင်ဖို့ ခက်ခဲတဲ့ ဂိုးသွင်း မှတ်တမ်း ဖြစ်ပါတယ်။
လီဗာပူးဟာဒီရာသီ ကွင်းလယ်ပိုင်းမှာ အားနည်းနေခဲ့တာဖြစ်ပြီး ဒါကို နွေရာသီမှာ ဖြေရှင်းလိုက်နိုင်ရင် သူတို့ရဲ့ တိုက်စစ်မှူး ဆာလာအနေနဲ့ နောက်ရာသီမှာ ပိုပြီးတော့တောင် တောက်ပလာဦးမှာပဲ ဖြစ်ပါတယ်။