လီဗာပူးနည်းပြလောင်းအဖြစ် သတင်းကြီးနေတဲ့ အမ်မိုရင်းရဲ့ နည်းပြဘဝ ဖြတ်သန်းမှု အကျဉ်းကို ဖော်ပြမှာဖြစ်ပါတယ်။
၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ပေါ်တူဂီ တတိယတန်းလိဂ် Casa Pia အသင်းနဲ့အတူ မန်နေဂျာလောကထဲ စတင် ဝင်ရောက်ခဲ့ပါတယ်။
Casa Pia ကို ကိုင်တွယ်နေရင်း လုံလောက်တဲ့ မန်နေဂျာလိုင်စင် မရှိဘူးဆိုကာ ၁ နှစ် အပယ်ခံရတယ်။ နောက်ပိုင်းမှာ ပယ်ဖျက်ခံရပေမယ့် အဆိုပါကလပ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ အဲ့နောက် ဘင်ဖီကာ ယူ-၂၃ အသင်းကို ကိုင်တွယ်ဖို့ နီးစပ်ခဲ့ပေမယ့် ငြင်းဆန်လိုက်ပါတယ်။
၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဘရာဂါ ယူ-၂၃ အသင်း နည်းပြအဖြစ် ခန့်အပ်ခံရပါတယ်။ ၃ လ အကြာမှာပဲ စီနီယာအသင်း နည်းပြ ရာထူးကနေ ထွက်သွားတာမို့ ဘရာဂါကို ကိုင်တွယ်ရဖို့ဖြစ်လာခဲ့ပါတယ်။ အဆိုပါ ရာသီမှာ ဘရာဂါအသင်းနဲ့အတူ ပေါ်တူဂီလိဂ်ဖလားကို အနိုင်ရခဲ့ပါတယ်။
၂၀၂၀ မှာတော့ စပို့တင်းကို ရောက်ရှိခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် လူငယ်နည်းပြတစ်ယောက်ဖြစ်တဲ့ သူ့ကို ခေါ်ယူဖို့ စပို့တင်းက ယူရို ၁၀ သန်း အကုန်အကျခံ ခေါ်ယူခဲ့တာကိုကြည့်ရင် ပေါ်တူဂီလိဂ်မှာ သူ့အပေါ် ဘယ်လောက်ထိ မြင့်မြင့်မားမား အကဲဖြတ်ခဲ့လဲ မြင်သာမှာဖြစ်ပါတယ်။
သူ့ရဲ့ ပထမဆုံးသော စပို့တင်း ဘောလုံးရာသီမှာပဲ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပေါ်တူဂီ အမှတ်ပေးဖလား အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီကိစ္စက ပြောသလောက် လွယ်ကူတာမျိုး မဟုတ်ပါဘူး။ ပေါ်တူဂီမှာက ဘင်ဖီကာနဲ့ ပေါ်တိုကို ကျော်ပြီး ချန်ပီယံဖြစ်ဖို့ဆိုတာ သိပ်ကို ခက်ခဲပါတယ်။
နောက်ရာသီမှာပဲ ပေါ်တူဂီလိဂ်ဖလားကို စပို့တင်းနဲ့ ထပ်ရခဲ့ပါတယ်။
ဒီရာသီမှာ စပို့တင်းဟာ ပေါ်တူဂီ အမှတ်ပေးဖလားကို အနီးကပ်ပြိုင်ဘက် ဘင်ဖီကာကို ၄ မှတ်အသာဖြင့် ဦးဆောင်နေဆဲဖြစ်ပါတယ်။
အမ်မိုရင်းဟာ နည်းစနစ်ပိုင်းကော ပြောဆိုဆက်ဆံမှုတွေမှာပါ နာမည်ကောင်းရပါတယ်။