NEWS: ဒီနွေမှာ လီဗာပူးအသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ လူးဝစ် ဒီယက်ဇ်

လီဗာပူးအသင်း တောင်ပံသမား လူးဝစ် ဒီယက်ဇ်ဟာ ဒီနွေမှာ မာဆေးဆိုဒ်ကလပ်ကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားဖွယ် ရှိပါတယ်။

၂၀၂၂ ဇန်နဝါရီမှာ ပေါ်တိုကနေ လီဗာပူးအသင်းထံ ပေါင် ၃၇.၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ ဒီကာလတွေအတွင်း ပီအက်စ်ဂျီထံက ချိတ်ဆက်ခံနေရတာပါ။

ဒီယက်ဇ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ရာအူး ကိုစတာဟာ အမ်မိုရင်းရဲ့ ကိုယ်စားလှယ်အဖြစ် လီဗာပူးအသင်းနဲ့ ညိနှိုင်းနေသူလည်းဖြစ်ပါတယ်။ သူဟာ ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့ကို စကားပြောပေးနေကြောင်းလည်း မကြာခဏ သတင်းထွက်ထားဖူးပါတယ်။

ဒီယက်ဇ်ကို ခေါ်ယူဖို့ရာ ဘာစီလိုနာကလည်း စိတ်ဝင်စားပေမယ့် ပီအက်စ်ဂျီကပဲ ဘဏ္ဍာရေးအရ အသာစီးရသွားခဲ့တာပါ။ လီဗာပူးဘက်ကတော့ ကိုလံဘီယာ တိုက်စစ်သမားကို ရောင်းချရမယ်ဆိုရင် ပေါင် ၇၅ သန်းထိ တောင်းဆိုမယ်လို့ သိရပါတယ်။

မနှစ်ကရာသီ ဒဏ်ရာကြောင့် ၇ လကြာ အနားယူခဲ့ရတဲ့ ဒီယက်ဇ်ဟာ ဒီရာသီမှာ ပုံမှန်ပွဲကစားခွင့်တွေရနေပြီး ပရီးမီးယားလိဂ်မှာ ကိုယ်တိုင် ၈ ဂိုးသွင်း၊ ၄ ကြိမ် ဂိုးထောက်ပံ့ထားကာ အခြားသော ပြိုင်ပွဲတွေမှာ သွင်းဂိုး ၅ ဂိုး ရယူထားပါတယ်။

လီဗာပူးအသင်းဟာ မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ကို ခေါ်ယူထားခဲ့ပြီးတဲ့နောက် ကစားသမားတွေရဲ့ သက်တမ်းတိုးမှုနဲ့ ရောင်းချမှုတွေအတွက် စတင် အကဲဖြတ်နေဟန် ရှိပါတယ်။

ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှု မရှိဖို့ရာ လီဗာပူးက ကစားသမား ရောင်းချမှု အနည်းငယ် လုပ်ရဖို့ရှိနေပြီး တိုက်စစ်သမား ၅ ဦးထဲက ၁ ဦးကို ရောင်းချမယ်လို့ သိထားရပြီး ဖြစ်ပါတယ်။