ထရန့်၊ ဂျိုတာ၊ အယ်လီဆန်တို့ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်ကာ သူတို့ကို ပွဲကစားခွင့်တွေ စီမံပေးဖို့ အာရုံစိုက်ရတော့မယ်လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။
ကစားသမားတွေဟာ လအတန်ကြာ အနားယူရတာမို့ ပွဲဆက်ပြတ်နေပါတယ်။ ချက်ခြင်းကြီး ပွဲထုတ်တာထက် ပွဲချိန် မိနစ်လေးတွေကနေ စတင်ဖို့မျိုး အသင်းဘက်က ရည်ရွယ်ထားဟန် ရှိပါတယ်။
ဘောလုံးရာသီ ကုန်တော့မှာဖြစ်ပေမယ့် ဒဏ်ရာ ပြန်မရသွားဘဲ ရာသီကုန်ထိ သုံးနိုင်ဖို့ဆိုရင် အလျင်စလို မလုပ်ဖို့ လိုအပ်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေနဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က
“ ဘယ်လို သုံးမလဲ ကြည့်ကြပါမယ်။ သူတို့ကို ပွဲထုတ်ဖို့ ကျနော်တို့ မလောပါဘူး။ သူတို့ကို လေ့ကျင့်ရေးမှာ ခပ်ကြာကြာထားမှာပါ။ အထူးသဖြင့် ဂျိုတာနဲ့ ထရန့်ပေါ့။ သူတို့ အသင်းလိုက်မှာ ၂ ပတ် ၃ ပတ် ပူးပေါင်းထားပြီး လေ့ကျင့်ရေး ကောင်းကောင်း ဝင်ထားပါတယ်။
သူတို့တွေ အတ္တလန်တာပွဲပါဖို့ အတော်လေး အခြေအနေကောင်းနေပါတယ်။ အယ်လီဆန်လည်း ပြန်လာပြီဆိုတော့ အခြေအနေကို ကြည့်ပြီး ဘယ်လို ထုတ်သုံးရမလဲ လေ့လာရမှာပေါ့။
အသင်းက သူတို့ကို လိုအပ်ပါတယ်။ သူတို့ အကောင်းဆုံး ပုံစံတွေ ပြန်ရလာဖို့လည်း လိုပါတယ်။ သူတို့ ရစ်သမ်ပြန်မှန်သွားအောင် လုပ်ပေးချင်တယ်။ ဒါက ခက်ခဲပေမယ့် သူတို့လို အရည်အချင်းရှိ ကစားသမားတွေအတွက်တော့ နည်းနည်းလွယ်ပါလိမ့်မယ်။
သူတို့ကို ပွဲထုတ်တော့မှာပါ။ မနက်ဖြန်ပွဲမှာ ထုတ်သုံးမလားကတော့ အခုထိ မဆုံးဖြတ်ရသေးပါဘူး။ ပွဲကစားခွင့် မိနစ်တွေတော့ ရပါလိမ့်မယ် ” လို့ ရှင်းပြခဲ့ပါတယ်။
ဘာ့ဂျ်ဆဲတစ်ကိုတော့ ယူ-၂၁ အသင်းကနေ စတင် ပွဲထုတ်သွားမယ်လို့ သိရပြီး မာတစ်၊ သီယေဂိုနဲ့ ဗန်ဒုတ်တို့လည်း တစ်ဦးချင်း လေ့ကျင့်ရေးတွေ ပြန်ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။