လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက်ကို အနိုင်ရပြီး ရမှတ် ၁၈ မှတ်ထိ စုဆောင်းနိုင်ခဲ့တာကြောင့် ထိပ်ဆုံး ၄ သင်း နေရာကနေ ရာသီသိမ်းရေး မျှော်လင့်ချက် ခပ်ရေးရေး ပေါ်လာခဲ့ပါတယ်။
ကလော့ပ်ကတော့ အသင်းပြန်လာတာ နောက်ကျနေပြီ ဆိုပေမယ့် ပြိုင်ဘက်တွေ ခြေချော်ခဲ့ရင် နေရာဝင်ယူနိုင်မယ့် အနေအထားမျိုး မရှိမှဘဲ နောင်တရမှာပါလို့ ထုတ်ပြောခဲ့ပါတယ်။
ကလော့ပ်က “ ၆ ပွဲဆက် အနိုင်မရခင်မှာ ကျနော်တို့ အခုနေရာကို ရောက်လာမယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြဘူးပဲလေ။ ယူနိုက်တက်တို့ လက်ကျန်ပွဲကို အနိုင်ရရင် ကျနော်တို့ကို အမှတ်ဖြတ်နိုင်မှာပါ။ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး အနေအထားနဲ့ ရာသီသိမ်းနိုင်အောင် ကြိုးစားရမှာပါပဲ။
အနည်းငယ် နောက်ကျနေခဲ့ပြီ ဆိုရင်တောင် လုံးဝ ပြန်မလာနိုင်တာထက် စာရင် အခုလို နောက်ကျတာကမှ တော်ပါသေးတယ်။ ယူနိုက်တက် ခြေချော်ပြီလို့ မှန်းဆကြည့်ဗျာ။ အဲ့လို ဖြစ်လာမယ်တော့ မထင်ပေမယ့်ပေါ့။ သူတို့ ခြေတွေချော်လို့ ကျနော်တို့က အခွင့်အရေး ယူနိုင်မယ့် အနေအထားမျိုး မရှိဘူးဆိုရင် တကယ်ကို နောင်တရမိမှာပဲ။
ယူနိုက်တက်က လက်ကျန်ပွဲ အနိုင်ရရင် ချန်ပီယံလိဂ်ဝင်ရေးမှာ အသာစီးရသွားမှာကို ကျနော် သိပါတယ်။ ဘရိုက်တန်ကလည်း လက်ကျန်ပွဲတွေ အနိုင်ရမယ်ဆိုရင် ကျနော်တို့ကို ကျော်တက်မှာ ဖြစ်ပါတယ်။ အခုက စိတ်ဝင်စားဖွယ် အခိုက်အတန့်ကို ရောက်နေတာပါ။
ကျနော်အတွက်ကတော့ ကိုယ့်အောက်က အသင်းတွေကို အခုလိုပဲ အောက်နားမှာ ဆက်ထားနိုင်အောင် လုပ်ရပါမယ်။ သူတို့လည်း လိုက်လံ ဖိအားပေးနေတာမို့ ဘယ်သူမှ သေချာ မပြောနိုင်သေးပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးပရိသတ် အချို့ကတော့ ရာသီကုန်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရမှတ် ၁ မှတ်၊ ၂ မှတ်လောက်နဲ့ လက်လွတ်ရရင် နာကျင်မိမှာပဲလို့ ထုတ်ပြောနေကြပေမယ့် ခပ်စောစောထဲက လက်မြောက် အရှုံးပေးလိုက်တာထက် စာရင်း အဆုံးထိ ယှဉ်ပြိုင်နိုင်တာက ဒီရာသီအတွက်ကော လာမယ့်ရာသီအတွက်ပါ အင်အားဖြစ်စေမှာပဲ ဖြစ်ပါတယ်။