ပထမအကျော့ကို အနိုင်ရပေမယ့်လို့ ဆီမီးဖိုင်နယ် အဆင့်ထံ တက်နိုင်ရေး အိမ်ကွင်းမှာ သေချာအောင် လုပ်ရမယ်လို့ အတ္တလန်တာနည်းပြ ဂါစပီရီနီက ထုတ်ပြောလာပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း အန်ဖီးကွင်းမှာ ပထမဆုံးသော ရှုံးပွဲကို လီဗာပူးအသင်း ရင်ဆိုင်ခဲ့ရတာဖြစ်ကာ အတ္တလန်တာအတွက်ကတော့ ဒီကွင်းမှာ ၂ ကြိမ်ကစား ရာနှုန်းပြည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။
ဂါစပီရီနီကတော့ အပြည့်အဝ အောင်ပွဲမခံနိုင်သေးဘူးလို့ သတိပေးခဲ့ကာ ဒုတိယအကျော့မှာ ဒီနိုင်ပွဲကို ပြီးပြည့်စုံစေဖို့ လိုအပ်တယ်လို့ သတိပေးပါတယ်။
အတ္တလန်တာ နည်းပြက ” ဒီညပွဲက သိပ်ကောင်းပါတယ်။ ပွဲပြီးခါနီးထိ ကျနော် လူစာရင်း အပြောင်းအလဲ မလုပ်ခဲ့တာက ဒီပွဲက သိပ်ကို ခက်ခဲလို့ပါ။ မိနစ် ၉၀ လောက်ထိ ကျနော်တို့ တောင့်ခံဖို့ လိုပါတယ်။
အောင်ပွဲတွေခံလို့ရပါတယ်။ ဒါပေမယ့် နောက်အပတ် ကျနော်တို့ အိမ်ကွင်းမှာ ရလဒ်ကို သေချာအောင် လုပ်ရဦးမယ်ဆိုတာ အားလုံးသိပါတယ်။ လီဗာပူးက သိပ်ကို သန်မာတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။
အန်ဖီးမှာ ဘယ်သူမှ မထင်ထားကြတဲ့ ရလဒ်မျိုး ရခဲ့တာကို သူကိုယ်တိုင်လည်း အံ့ဩရပေမယ့် ဒါဟာ အတ္တလန်တာအတွက်တင် မဟုတ်ဘဲ အီတလီဘောလုံးအတွက် အောင်ပွဲတစ်ခုလို့ နည်းပြ ဂါစပီရီနီက ညွှန်းဆိုပါတယ်။
” လီဗာပူးလို ပြိုင်ဘက်ကို အနိုင်ရလို့ ပျော်ပါတယ်။ အန်ဖီးကွင်းအကြောင်း ကျနော်တို့လည်း သိနေတာပဲ။ အန်ဖီးကွင်းမှာ အသင်းတိုင်း ဒီလို အနိုင်ရတာမျိုး မဟုတ်ပါဘူး။ ဒါက အီတလီဘောလုံးလောကအတွက် နိုင်ပွဲကြီးပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။