ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ကာရေဂါက ဥရောပဖလားကို လက်လျော့လိုက်ဖို့နဲ့ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ဖို့ နည်းပြကလော့ပ်ကို အကြံပေးလိုက်ပါတယ်။
ကာရေဂါက ” လီဗာပူးက ခြေစွမ်းဆိုးရွားသလို ရလဒ်ကလည်း ညံ့ဖျင်းခဲ့တယ်။ ခပ်ပြင်းပြင်း အရှိုက်ထိုးခံလိုက်ရတာဖြစ်ပါတယ်။
နည်းပြကလော့ပ်အနေနဲ့ ပရီးမီးယားလိဂ်ကိုပဲ ပုံအော ကစားသင့်ပြီး ယူရိုပါလိဂ် ဒုတိယအကျော့ကို အရန်တွေပဲ ထုတ်သုံးသင့်ပါတယ် ” လို့ ထင်မြင်ချက်ပေးခဲ့တာပါ။
ကာရေဂါရဲ့ ပြောဆိုမှုကို လီဗာပူးပရိသတ်တွေက သဘောမကျပါဘူး။ အသင်းဟာ အရန်ကစားသမားတွေကြောင့် တစ်ပွဲတစ်လေ ခြေစွမ်းကျနေတာ မဟုတ်ဘဲ လူအပြည့်ထုတ်ရင်တောင် ခြေစွမ်းညံ့နေတာလို့ တုန့်ပြန်ခဲ့တာပါ။
တချို့ကတော့ ကာရေဂါကို ပရီးမီးယားလိဂ်ပွဲတွေကို သေချာကြည့်ဖို့နဲ့ အရင်ပွဲတွေမှာလည်း လီဗာပူးက ဒီလိုပဲ တိုက်စစ်က ဖြုန်းတီးပြီး ခံစစ်က ပွင့်ထွက်နေတာလို့ သတိပေးခဲ့တယ်။
တချို့ကတော့ အရန်လူစာရင်းကြောင့် ရှုံးခဲ့တာ မဟုတ်ကြောင်းနဲ့ အဓိက ပွဲထွက် ၁၁ ဦး ထုတ်သုံးရင်တောင် မနိုင်ဘူးဖြစ်နေတာကို ယူနိုက်တက်နဲ့ပွဲတည်းက မြင်ခဲ့ရပြီးပြီလို့ တုန့်ပြန်ခဲ့ကြတယ်။
ပရိသတ် အများစုကတော့ ဒီတလော အနိုင်ရထားတဲ့ပွဲတွေမှာ လီဗာပူးအသင်းရဲ့ ခြေစွမ်းက အားရစရာ မရှိကြောင်းနဲ့ ဘယ်လိုလုပ်ပြီး ဖလားစိန်ခေါ်တဲ့ အသင်းတစ်သင်း အနေအထားမှာ ဆက်ရှိနေသလဲဆိုတာ နားမလည်နိုင်အောင်ပဲလို့ ငြီးတွားခဲ့ကြပါတယ်။
၂၀၂၄ အတွင်းမှာ လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာရဲ့ ခြေစွမ်းကိုပဲ အဓိက အားကိုးနေရတာဖြစ်ကာ ကွင်းလယ်လူ ခြေစွမ်းပျောက်တာနဲ့တင် အသင်းလိုက် စွမ်းဆောင်ရည်က ကျဆင်းလာနေတာပဲ ဖြစ်ပါတယ်။