ဒါဝင် နူးညက်စ်နဲ့ ပတ်သက်ပြီး မိုက်ကယ်အိုဝင်ရဲ့ သတိပေးချက် မှန်ကန်

ဒီနှစ်စတုန်းကပဲ ဘလွန်းဒီအော ပိုင်ရှင်ဟောင်းဖြစ်တဲ့ တိုက်စစ်မှူး မိုက်ကယ် အိုဝင်က ဒါဝင်နူးညက်စ်ကို သတိပေးချက် တစ်ခု ပြုလုပ်ခဲ့ပြီး သူပြောတာဟာ သွေးထွက်အောင် မှန်ကန်ခဲ့တယ်လို့ လီဗာပူးပရိသတ်တွေဘက်က ဝန်ခံလာခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းက ဘရန့်ဖိုဒ့်ကို အနိုင်ရတဲ့ပွဲမှာ ဂိုးသမားကို ကျော်ချဂိုးမျိုး ဒါဝင် သွင်းခဲ့စဉ်မှာ မိုက်ကယ်အိုဝင်က တိုက်စစ်မှူးကောင်းဆိုတာ ဂိုးရဖို့ အခွင့်အရေး နည်းတဲ့ စွန့်စားမှုမျိုးထက် ဂိုးရနိုင်ချေ ပိုများအောင် ကြိုးစား ဖန်တီးရတာလို့ သတိပေးခဲ့ပါတယ်။

အိုဝင်က ” ဒါဝင်ရဲ့ အဆုံးသတ်ချက်ကြီးကတော့ လက်ဖျားခါပါတယ်ဗျာ။ ကျနော် ပွဲဖျက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထပ်မလုပ်စေချင်ဘူး။ အဲ့လို အဆုံးသတ်မျိုးက အကောင်းဆုံး ကြိုးစားရင်တောင် ၁၀ ကြိမ်မှာ ၁ ကြိမ် ၂ ကြိမ်လောက်ပဲ အောင်မြင်နိုင်မယ့် အဆုံးသတ်မှု ဖြစ်ပါတယ်။

ဂိုးသွင်းဖို့ဆိုရင် ဘေးလူကို ပေးမလား၊ ဂိုးပေါက်ထဲ ကန်ထည့်မလား ဒါမှမဟုတ် ဂိုးသမားကို လိမ့်ခေါက် ကျော်ဖြတ်မလား ဒါမျိုး ရွေးချယ်မှပဲ သူ့ရဲ့ အခွင့်အရေး အောင်မြင်နိုင်ချေက ၁၀ မှာ ၅ လောက် များသွားမှာပါ။

သူ့ဂိုးက အရမ်းကောင်းလွန်းတော့ ပွဲဝင်ဖျက်ပြီး ဝေဖန်တာမျိုး ကျနော် မလုပ်ချင်ပါဘူး။ ဒါပေမယ့် အဲ့လို သွင်းတာမျိုးကို ၀-၀ ဖြစ်နေချိန် သွင်းတာမျိုးထက် ၃-၀ ဖြစ်နေချိန်လောက်မှ သွင်းစေချင်ပါတယ် ” လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

အိုဝင်ရဲ့ ထောက်ပြမှုက မှန်ကန်ခဲ့ပြီး ဒါဝင်ဟာ အဆုံးသတ်တွေဆိုရင် ခေါင်းအေးအေးထားဖို့ထက် အဆင်ပြေသလို လုပ်လိုက်တာ များနေတာပါ။ မနက်က အတ္တလန်တာပွဲမှာလည်း ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ချိန်မှာ ခပ်စောစောတည်းက ဘောလုံးကို ကျော်ချဖို့ ကြိုးစားရင် ဂိုးပေါက်ဘေးက ထွက်သွားခဲ့တာ ဖြစ်ပါတယ်။