လီဗာပူးအသင်းဟာ လူးဝစ် ဒီယက်ဇ်ကို ဒီနွေမှာ ရောင်းထုတ်ခြင်း မလုပ်ဘဲ စာချုပ်သစ်ကိစ္စ အဆင်ပြေအောင် ညိနှိုင်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
၂၀၂၂ ဇန်နဝါရီမှာ လီဗာပူးအသင်းကို ၅ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းလာခဲ့တဲ့ ဒီယက်ဇ်ဟာ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားတာပါ။ ကစားသမားရဲ့ ကိုယ်စားလှယ်ဘက်ကတော့ စာချုပ် ၃ နှစ် ကျန်ရှိချိန်မှာ လုပ်ခလစာ အပါအဝင် အချက်အလက်တွေကို ပြင်ဆင်ပြီး စာချုပ်သစ် ချုပ်လိုလာပါတယ်။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားကို ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားမှု ပြသလာပေမယ့် ကလပ်ဘက်က စာချုပ်သစ် ချုပ်ဆိုပေးမယ်ဆိုရင် ကစားသမားကတော့ လီဗာပူးမှာပဲ ဆက်နေလိုစိတ် ရှိကြောင်းလည်း ကိုလံဘီယာသတင်းထောက် Pipe Sierra က ဆိုပါတယ်။
ပေါ်တိုအသင်းကနေ လီဗာပူးကို ပေါင် ၃၇ သန်းနဲ့ ပြောင်းလာတဲ့ ဒီယက်ဇ်ဟာ ကလော့ပ် လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားဖြစ်ပေမယ့် ဒီနွေမှာတော့ နည်းပြကလော့ပ် ထွက်ခွာသွားတော့မှာပါ။
လီဗာပူးအသင်းဟာ နည်းပြသစ် ရောက်မလာခင်မှာ လူသစ်ခေါ်ယူရေး ပလန်တွေနဲ့ သက်တမ်းတိုး စာချုပ်သစ်ကိစ္စတွေကို ရပ်တန့်ထားလိုပါတယ်။
ဒါပေမယ့် ဒီယက်ဇ်ရဲ့ အေးဂျင့်ပဲ တာဝန်ယူနေတဲ့ စပို့တင်း နည်းပြ အမ်မိုရင်းနဲ့ ဆွေးနွေးစကားပြောမှုတွေမှာ တိုက်စစ်မှူးရဲ့ စာချုပ်ကိစ္စလည်း ပါဝင်လာတာဖြစ်ပါတယ်။ လီဗာပူးဘက်ကတော့ စာချုပ်သစ်ကိစ္စ အမေးခံရတာကို သဘောမကျခဲ့ပါဘူး။
လီဗာပူးအသင်းဟာ စာချုပ် ၁ နှစ်ပဲ ကျန်တော့တဲ့ ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့ရဲ့ စာချုပ်သစ်တွေကိုတောင် အတည်မပြုရသေးခင်မှာ ဒီယက်ဇ်ကို သက်တမ်းတိုးပေးဖို့ကို ဦးစားပေးအဖြစ်လည်း ရွေးချယ်ဖွယ် မရှိပါဘူး။
ဒီယက်ဇ်ကို သက်တမ်းတိုးဖို့ စိတ်ဝင်စားကြောင်း သဘောထားကိုတော့ ပြသလာခြင်းဖြစ်သလို ကစားသမားကို ရောင်းချရမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း တောင်းဆိုမှာဖြစ်ပါတယ်။