နောက်ရာသီအတွက် လူသစ် (၆) ဦး ခေါ်ယူထားပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ကလပ်ရဲ့ တည်ဆောက်မှုကို ပြန်လည် ဖွဲ့စည်းနေကာ လာမယ့်ရာသီအတွက် လူသစ် (၆) ဦးကို ခေါ်ယူဖို့ သဘောတူညီမှုရထားပြီး နောက်ထပ်လည်း ထပ်ဖြည့်သွားဖွယ် ရှိပါတယ်။

ယာဂင်ကလော့ပ် ဦးဆောင်တဲ့ နည်းပြအဖွဲ့ တစ်ခုလုံးနီးပါး နှုတ်ထွက်သွားမှာမို့ လီဗာပူးအသင်းက နည်းပြသစ် ရှာဖွေနေပါတယ်။ တချိန်တည်းမှာပဲ နည်းပြသစ်ကို ပံ့ပိုးပေးဖို့ရာ ဝန်ထမ်းသစ်တွေကိုလည်း စုစည်းနေပြီဖြစ်ပါတယ်။

FSG ဟာ သူတို့ရဲ့ ဘောလုံး အော်ပရေးရှင်းတွေကို ကိုင်တွယ်ပေးဖို့ CEO အဖြစ် မိုက်ကယ် အတ်ဝပ်ကို ခေါ်ယူခဲ့ပါတယ်။ ကလပ်ရဲ့ ဘောလုံးဆိုင်ရာ ကိစ္စတွေကို စီမံဖို့အတွက် အားကစားဒါရိုက်တာအဖြစ် ရစ်ချက်ဟုချ်ကိုလည်း ခေါ်ယူခဲ့ပါပြီ။

ဒီနွေမှာပဲ အားကစားဆိုင်ရာ ကင်းထောက် အသစ်တွေအဖြစ် ကင်းထောင်းချုပ် Mark Burchill နဲ့ ကင်းထောက် Craig McKee တို့ကလည်း လီဗာပူးအသင်းကို ရောက်လာမှာဖြစ်ပါတယ်။ ၎င်းတို့ နှစ်ဦးဟာ ရစ်ချက်ဟုချ်နဲ့ အဓိက အလုပ်တွဲလုပ်ရပါမယ်။

ဒါတင် မကသေးပါဘူး။ နည်းပြအဖွဲ့ကို ပံ့ပိုးပေးရမယ့် ရာထူးတစ်ခုဖြစ်တဲ့ opposition analyst နေရာအတွက်လည်း Jansen Moreno ဟာ လီဗာပူးအသင်းကို ရောက်လာဦးမှာပါ။ Moreno ဟာ head of opposition analysis ဌာနအောက်ထဲ ဝင်ရောက်မှာဖြစ်ပါတယ်။

လက်ရှိ နောက်ဆုံး ခေါ်ယူအားဖြည့်လိုက်တာကတော့ ရစ်ချက်ဟုချ်ကို ကူညီပေးရမယ့် လက်ထောက် အားကစားဒါရိုက်တာ ရာထူးအတွက် David Woodfine ကို ပြန်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

David Woodfine ဟာ လီဗာပူးအသင်းမှာ အငှားကစားသမား စီမံရေးဆိုင်ရာ ဒါရိုက်တာအဖြစ် နောက်ဆုံး အလုပ်လုပ်ခဲ့ပြီး ၂၀၂၃ မေလကမှ ထွက်ခွာသွားတာပါ။ အခု သူလည်း ပြန်ရောက်လာမှာဖြစ်ပါတယ်။

FSG ဟာ ဘင်ဖီကာမှ နည်းစနစ်ဒါရိုက်တာ Pedro Marques ကိုလည်း ခေါ်ယူသွားမှာဖြစ်ကာ ၎င်းဟာ FSG ရဲ့ ဘောလုံးအော်ပရေးရှင်းတွေမှာ ပါဝင် ကူညီရမှာဆိုပေမယ့် လီဗာပူးအသင်းရဲ့ ကိစ္စတွေကို ကိုင်တွယ်ရဖို့ များပါတယ်။