လီဗာပူးပရိသတ်တွေရဲ့ မျှော်လင့်ချက် ကြယ်ပွင့်လေးကို နေရာပေးဖို့ ကလော့ပ်အား တောင်းဆို

လီဗာပူးသတင်းထောက် James Pearce ကတော့ ဘောလုံးရာသီ အဆုံးသတ်ပိုင်း ကာလရောက်နေချိန်မှာပဲ လူငယ်စတား တစ်ဦးကို စီနီယာအသင်းမှာ နေရာပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒဏ်ရာ ပြဿနာတွေကြောင့် အဓိက ကစားသမားတွေကို လက်လွတ်ထားရချိန်မှာ နည်းပြကလော့ပ် လူငယ်လေး ဂျေဒန်ဒန့်စ့်ကို ကာရာဘောင်းဖိုင်နယ်နဲ့ အက်ဖ်အေဖလား ပွဲတွေမှာ အသုံးပြုခဲ့ပါတယ်။

ဆောက်သမ်တန်ကို အနိုင်ရတဲ့ အက်ဖ်အေပွဲမှာတော့ ဒန့်စ့်ဟာ ကိုယ်တိုင် ၂ ဂိုး သွင်းယူခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့အပတ် ယူနိုက်တက် ယူ-၂၁ အသင်းကို အနိုင်ရတဲ့ပွဲမှာလည်း ထူးချွန်တဲ့ အဆုံးသတ်နဲ့ တိုက်စစ်စွမ်းရည်တွေကို ပြသခဲ့ပါတယ်။

ဆာလာ ဦးဆောင်တဲ့ စီနီယာတိုက်စစ်သမားတွေကို စိတ်ပျက်နာကျည်းခဲ့ကြတဲ့ အသင်းပရိသတ်တွေကတော့ အကယ်ဒမီထွက် ၁၈ နှစ်သားလေးကို ပွဲကစားခွင့်ပေးပြီး ဂိုးမသွင်းနိုင်တဲ့ တိုက်စစ်မှူးတွေနဲ့ ပြိုင်ဆိုင်စေဖို့ မှတ်ချက်တွေ ပေးထားခဲ့တာပါ။

Pearce ကပါ “ လူငယ်လေး ဂျေဒန်ဒန့်စ့်ကို အသုံးဝင်မယ့် လူစားဝင် ကစားသမားအဖြစ် အသုံးပြုသင့်ကြောင်း တိုက်တွန်းချက်တွေ အများကြီး ရှိပါတယ်။

စီနီယာအသင်းမှာ သူ့ကို သုံးခဲ့တုန်းက သက်သောင့်သက်သာ မရှိတာမျိုး မတွေ့ခဲ့ရဘူး။ ပြီးခဲ့တဲ့အပတ် သောကြာနေ့တုန်းက ယူ-၂၁ အဆင့်မှာ မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ကစားပြီး နောက်ပေါက်နဲ့ ဂိုးသွင်းပြခဲ့ပါတယ် ” လို့ ထောက်ခံခဲ့ပါတယ်။

အတ္တလန်တာအသင်းနဲ့ပွဲကြို ဗုဒ္ဓဟူးနေ့ အသင်းလိုက် လေ့ကျင့်ရေးမှာတော့ ဒန့်စ်ဟာ စီနီယာအသင်းနဲ့အတူ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒန့်စ့်ဟာ ဒီရာသီမှာ ၂၂ ပွဲ ကစားပြီး ကိုယ်တိုင် ၁၉ ဂိုးသွင်းကာ ၄ ဂိုး ထောက်ပံ့ထားတာ ဖြစ်ပါတယ်။