ဒန့်စ် လိုက်ပါသွားခြင်း၊ ဂျိုတာ ပွဲထွက်ခွင့်ရဖွယ်ရှိခြင်း၊ အင်တာဗျူးတွေ စဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အာဆင်နယ်နဲ့ မန်စီးတီးတို့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ရတာကြောင့် ၎င်းတို့ဟာ ပရီးမီးယားလိဂ်ကို ပိုမို အာရုံစိုက်လာတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ညမှာ လီဗာပူးအသင်းဟာ စီးရီးအေကလပ် အတ္တလန်တာအသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကစားရပါမယ်။

အတ္တလန်တာအသင်း နောက်တစ်ဆင့်ကို တက်မယ်ဆိုရင် ထိုက်ထိုက်တန်တန် တက်ရောက်ခြင်းဖြစ်ပြီး အခြားအဖြေဖြစ်ခဲ့ရင်တော့ အံ့မခန်းကိစ္စတစ်ခုကို လီဗာပူးတို့ လုပ်ပြနိုင်ခြင်းလို့ နည်းပြကလော့ပ်က ဆိုပါတယ်။

အတ္တလန်တာပွဲမှာ နံပါတ် ၉ နေရာက ဂျိုတာ ပွဲထွက်မယ်လို့ အသံထွက်နေပါတယ်။ ဂျိုတာဟာ ဒဏ်ရာက ပြန်သက်သာလာပြီးနောက် ကြံ့ခိုင်မှုပိုင်း မပြည့်သေးတာကြောင့် ပွဲထွက်ကနေ ပါဝင်ရခြင်း မရှိသေးပါဘူး။

နောက်ရာသီအတွက် လီဗာပူးရဲ့ ပလန်ထဲမှာတော့ ကွင်းလယ်ခံစစ်သမားသစ် ခေါ်ယူရေး ကိစ္စလည်း ပါဝင်လာပါတယ်။

ဒီ ၂ ပတ်အတွင်းမှာ လီဗာပူးအသင်းဟာ အမ်မိုရင်း အပါအဝင် လျာထားနည်းပြတွေနဲ့ အင်တာဗျူး ပြုလုပ်ဖို့ စီစဉ်ထားပြီဖြစ်ပါတယ်။ အဲ့ထဲမှာ ဂျာမာန်နည်းပြ ကိုဗက်တော့ မပါပါဘူး။

ဘရတ်ဒလေရဲ့ ဒဏ်ရာက မပြင်းထန်ပေမယ့် ဂရုစိုက်ရအောင်တော့ ပြင်းထန်တာမို့ ယူရိုပါလိဂ်ပွဲအတွက် ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒဏ်ရာကနေ သက်သာလာဖို့ သီတင်းပတ် အနည်းငယ် အနားယူရပါမယ်။

အတ္တလန်တာပွဲအတွက် အီတလီကို ထွက်ခွာသွားတဲ့ လူစာရင်းထဲမှာ ဒန့်စ့်၊ ကလက်၊ မက်ကော်နယ်တို့ ပါဝင်သွားပါတယ်။ ဂျိုတာ၊ ထရန့်၊ ကာတစ်ဂျုံးတို့လည်း ပါဝင်ခဲ့ပါတယ်။

လီဗာပူး မန်နေဂျာရာထူးအတွက် သတင်းထွက်နေတာကို ပျော်ပါတယ်လို့ အတ္တလန်တာနည်းပြ ဂါစပါရီနီက ထုတ်ပြောပါတယ်။ ဒါပေမယ့် ဒီလို ဇာတ်လမ်းတွေကို အာရုံမစိုက်ပါဘူးလို့လည်း တုန့်ပြန်ပါတယ်။

လီဗာပူးအသင်းဟာ မန်နေဂျာသစ် မတိုင်ခင် ကလပ်ရဲ့ တည်ဆောက်ပုံကို ပြင်ဆင်နေပြီး အနာဂတ်မှာ အားကိုးရတဲ့ ဒေတာအဖွဲ့သစ် ပြန်ဖြစ်လာဖို့ အားစိုက်နေပါတယ်။