ဒဏ်ရာက ပြန်လာပြီးတည်းက ခြေမပေါ်ကြသူများ
ဒီနေ့ပွဲမှာ ဆိုဘိုစလိုင်၊ ကာတစ်ဂျုံး၊ ဆာလာတို့ရဲ့ ခြေစွမ်းတွေဟာ ဆိုးရွားခဲ့ပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာပြီးတည်းက သူတို့ထံက စွမ်းဆောင်ရည်ကောင်းတွေ မမြင်ရသေးပါဘူး။ အသင်း အလိုအပ်ဆုံး အချိန်မှာ သူတို့ဟာ စိတ်ပျက်စရာ ခြေစွမ်းကိုပဲ ပြသခဲ့ပါတယ်။
ဘာအတွေးတွေနဲ့ ဘောလုံးပေးနေမှန်းမသိတဲ့ ဆိုဘိုစလိုင်ရဲ့ ခြေစွမ်းဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရသင့်အောင် လိုအပ်ချက်များလွန်းပါတယ်။ ကာတစ်ဂျုံးကလည်း လှုပ်ရှားမှုတွေ ညံ့ဖျင်းတယ်၊ ဆုံးဖြတ်ချက်တွေ မကြာခဏ လွဲမှားလွန်းပါတယ်။
ပျောက်ဆုံးနေတဲ့ ဆာလာ
အာဖရိကဖလားပြိုင်ပွဲမှာ လီဗာပူးအသင်းနဲ့ အီဂျစ်အသင်းကြား ပြဿနာတွေ အတတ်ခံပြီး သူ့ကို ပြန်ခေါ်ခဲ့ခြင်းဟာ မှားယွင်းမှုဖြစ်ခဲ့လေသလား တွေးမိပါတယ်။ ဆာလာဟာ အဲ့ကတည်းက ပျောက်ဆုံးသွားခဲ့တော့တာပါ။
လီဗာပူးအလိုအပ်ဆုံး အချိန်မှာ ဆာလာလို ကမ္ဘာ့အဆင့် ကစားသမားရဲ့ တာဝန်ကင်းမဲ့စွာ ကစားမှုနဲ့ ဖြုန်းတီးမှုတွေဟာ လက်ခံပေးဖို့ ခက်ခဲပါတယ်။ လီဗာပူးပရိသတ်တွေဟာ ဆာလာကို ချစ်ကြပါတယ်။ လူလေး တစ်ထောင်ကျော်လောက် ဝင်ခွင့်ရချိန်မှာတောင် ဆာလာ သီချင်းသံက ထွက်လာနေဆဲပါ။
ဒါပေမယ့် မတ်လနိုင်ငံတကာ သီတင်းပတ်အပြီး ပြသနေတဲ့ ခြေစွမ်းတွေအရ သူ့ကို ပွဲထွက်လူစာရင်းမှာ ဆက်ပြီး နေရာပေးသင့်ရဲ့လားတောင် မပြောနိုင်တော့ပါဘူး။
ပိုဆိုးရွားတဲ့ အရန်တွေ
ပွဲထွက်ကစားသမားတွေ ခြေစွမ်းမကောင်းလို့ အရန်သမားတွေ ခြေစွာမယ်တော့ မထင်လိုက်ပါနဲ့။ ဆိုဘိုစလိုင်၊ ဆာလာ၊ ဒီယက်ဇ်တို့နေရာ အစားဝင်လာတဲ့ ဒါဝင်၊ ဂျိုတာ၊ ဟာဗေးတို့ရဲ့ ခြေစွမ်းက ပိုတောင်ဆိုးပါသေးတယ်။
ဂျိုတာက ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် သူ့ဘာသာ ပြန်ရှာနေရဆဲဖြစ်ပါတယ်။ အရှိန်ကောင်းကောင်း ကစားနိုင်ခြင်း မရှိသေးပါဘူး။ ဒါဝင်ကျတော့လည်း အရှိန်တွေနဲ့ ကစားနိုင်ပေမယ့် ချိတ်ဆက်ကစားမှုတွေမှာ ညံ့လွန်းနေဆဲပါ။ ဟာဗေးထံကတော့ ခပ်သွက်သွက် ကစားနိုင်တာကလွဲလို့ ဘာသက်ရောက်မှုမှ မမြင်ရပါဘူး။
အပြောင်းအလဲ မဖန်တီးနိုင်တဲ့ နည်းပြကလော့ပ်
လီဗာပူးနည်းပြကြီးက အင်အားတွေ တကယ်ပဲ ကုန်ခမ်းသွားခဲ့ပြီနဲ့တူပါတယ်။ ပွဲအစကောင်းမှုနဲ့အတူ မျှော်လင့်ချက် အနည်းငယ် ရလာခဲ့ပေမယ့် အတ္တလန်တာကို ကျော်ဖြတ်ဖို့ရာ သူလည်း လမ်းညွှန်နိုင်ခြင်း မရှိပါဘူး။
အသင်းရဲ့ ကစားပုံဟာ ကလော့ပ် လမ်းညွှန်တဲ့အတိုင်း ဆိုရင်တော့ လီဗာပူးက ပြဿနာတွေ တတ်နေပါပြီ။ မာကာကို အနောက်ဆင်းစေပြီး ထရန့်ကိုလည်း ထည့်လာပေမယ့် အခွင့်အရေးကြီးတွေ မယ်မယ်ရရ မရှာနိုင်ဘူး၊ ဖန်တီးနိုင်စွမ်းလည်း မရှိဘူး။
ပြောရရင် ဒီပွဲကတော့ နည်းပြကလော့ပ်ဟာ အတ္တလန်တာနည်းပြဂက်စ်ပရီနီနဲ့ နည်းစနစ်ပိုင်း ယှဉ်ပြိုင်မှုမှာ ရှုံးခဲ့တာပါပဲ။
ပရီးမီးယားလိဂ် ၆ ပွဲ
ပုံမှန်အားဖြင့်တော့ ဒီပွဲတွေကို ဖိုင်နယ် ၆ ပွဲလို့ သုံးနှုန်းကြတာပါ။ ဒါပေမယ့် လီဗာပူးအသင်းရဲ့ ခြေစွမ်း၊ ကစားနေတဲ့ စိတ်ဓါတ်ပိုင်းအရဆိုရင် ဖိုင်နယ်လို့ သုံးနှုန်းဖို့ မသင့်ပါဘူး။
ဒီကရှေ့ ပွဲအများစုကို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။ ကစားသမားတွေဟာ အန်ဖီးကွင်းရဲ့ အင်အားကိုလည်း ရမှာ မဟုတ်ပါဘူး။ သူတို့ဘာသာ ပြန်ရှာဖွေနိုင်ပြီး ကိုယ့်အခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ရာ နိုင်ပွဲယူနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။