ဆာလာနဲ့ အယ်လီဆန် ဘယ်သူ့ကို တစ်နှစ်တာအကောင်းဆုံး လီဗာပူးအသင်းသား အဖြစ် ရွေးမလဲ မေးခံရတဲ့ ဗန်ဒိုက်

ဗန်ဒိုက်က လီဗာပူးဂိုးသမား အယ်လီဆန်ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ အခက်အခဲတွေကြားမှာ အသင်းအတွက် သွင်းဂိုးတွေရယူပြီး နိုင်ပွဲ ရှာကြံပေးနေတဲ့ ဆာလာတို့ကို ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

အယ်လီဆန်ဟာ လီဗာပူးသမိုင်းမှာ clean sheet အကြိမ် ၁၀၀ ရတဲ့ ၇ ဦးမြောက် ဂိုးသမား ဖြစ်လာခဲ့တယ်။ သူဟာ ဒီရာသီ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး အသင်းသားဖြစ်ပြီး သူ့ကြောင့် မဟုတ်ရင် အသင်းက ပိုဆိုးရွားတဲ့ အခြေအနေတွေမှာ ရှိနေခဲ့မှာပါ။

ဗန်ဒိုက်က “ ကွင်းထဲက သူ့အရည်အချင်းကို အားလုံး မြင်ကြမှာပါ။ သူ့ရဲ့ ပါဝင်ပေးမှု၊ ကာကွယ်ပေးမှု၊ ခေါင်းဆောင်မှုတွေ အားလုံးက အရမ်းကို အရေးကြီးပါတယ်။ ကွင်းပြင်မှာလည်း သူက အရည်အချင်းတွေနဲ့ လူတစ်ယောက်ပါ။ အသင်းရဲ့ ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ပြီး လူတိုင်းက လေးစားရပါတယ်။

ဂိုးသမားတွေနဲ့ ကစားသမား အများစုက သူ့ကို စံနမူနာ ထားရတယ်။ သူ clean sheet အကြိမ် ၁၀၀ ရခဲ့ပြီး အဲ့ထက်မက ထပ်ပြီးတော့ ရဦးမှာပါ။ ကျနော်တို့ရဲ့ တိုက်စစ်က သူနဲ့စရတာပါ။ စွန့်စားရမှု အများဆုံး လီဗာပူး အသင်းသားဆိုလည်း ဟုတ်ပါတယ်။

သူကတော့ အခု အောင်မြင်မှုဟာ ကျနော်တို့ ရှိနေလို့၊ ကွင်းလယ်နဲ့ တိုက်စစ်သမားတွေကြောင့် ဆိုပြီး ပြောမှာပေါ့။ အဲ့တာလည်း ဟုတ်ပါတယ် ဒါပေမယ့် သူ့ရဲ့ အရည်အချင်းကြောင့် သူ ကိုယ်ဘာသာ ဂုဏ်ယူသင့်ပါတယ် ” လို့ ချီးကျူးခဲ့တယ်။

အယ်လီဆန် စံချိန်ရတဲ့ တစ်ရက်တည်းမှာပဲ မိုဆာလာကလည်း အန်ဖီး ကစားသမားဘဝ သွင်းဂိုး ၁၀၀ ရခဲ့သလို ၃ ရာသီဆက်တိုက် ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ သွင်းနိုင်သူဆိုတဲ့ မှတ်တမ်းကိုပါ ရခဲ့ပါတယ်။ ဆာလာဟာ အိမ်ကွင်း ၉ ပွဲဆက် သွင်းနိုင်တဲ့ ပထမဆုံး လီဗာပူး အသင်းသား၊ အသင်းသမိုင်း သွင်းဂိုးအများဆုံး တိုက်စစ်မှူးစာရင်းရဲ့ နံပါတ် ၅ နေရာတွေထံလည်း ရောက်လာခဲ့တယ်။

ဆာလာနဲ့ ပတ်သက်လို့ ဗန်ဒိုက်က “ သူ တောင်ပံမှာ ကစားရင်း ဒီဂိုးတွေ သွင်းနေတာကို မမေ့သင့်ပါဘူး။ အဲ့နေရာကနေ အခုလို ဂိုးတွေ အများကြီး သွင်းနိုင်တာက ရှားပါတယ်။ အဲ့အတွက် နောက်ကွယ်မှာ အလုပ်တွေ အများကြီး လုပ်ရပါတယ်။ ကြံ့ခိုင်နေဖို့ ပွဲတိုင်း ကစားနိုင်ဖို့ ကြိုးစားရပါတယ်။

ကျနော်တို့ ရုန်းကန်နေရချိန် သူက အသင်းအတွက် နိုင်ပွဲတွေ ရှာဖွေပေးခဲ့တယ်။ ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာတော့ သူ အနားယူသွားမှပဲ လူတိုင်းက သူ့အကြောင်း ပြောကြတော့မှာပါ။ ဆာလာက ဒါကို ဂရုစိုက်နေမယ် မထင်ပါဘူး။ သူက ကလပ်အတွက် ဂိုးတွေ ဆက်သွင်းဖို့ပဲ အာရုံစိုက်နေမယ့် သူပါ ” လို့ ဖြေဆိုပေးခဲ့တယ်။

အယ်လီဆန်နဲ့ ဆာလာကြားမှာ ဘယ်သူ့ကို တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးမလဲလို့ ဒဲ့တိုး မေးခံရချိန်မှာတော့ “ ဘယ်သူ့ကို မဲပေးရမလဲ? မာတစ်လေ သူက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ ” လို့ ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ်။