လီဗာပူးအသင်းဟာ ဒီနွေမှာ ကလော့ပ်နေရာ အစားထိုးဖို့ မန်နေဂျာသစ် ရှာဖွေနေတဲ့ တပြိုင်နက်မှာပဲ လူသစ်အင်အားဖြည့်ရေး ပလန်တွေကိုပါ စဉ်းစားနေပြီဖြစ်ပါတယ်။
တချိန်က လီဗာပူးအသင်း အားကစားဒါရိုက်တာဟောင်းဖြစ်တဲ့ မိုက်ကယ် အတ်ဝပ်ဟာ FSG ရဲ့ ဘောလုံးဆိုင်ရာအော်ပရေးရှင်း ခေါင်းဆောင်အဖြစ် အသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။ သူကပဲ ဘုန်းမောက်အသင်းမှ ရစ်ချက်ဟုချ်ကို အားကစားဒါရိုက်တာ အဖြစ် ထောက်ခံ ခေါ်ယူထားပြီဖြစ်ပါတယ်။
မိုက်ကယ်အတ်ဝပ်ဟာ ၂၀၂၂ ခုနှစ်မှာ လီဗာပူးအသင်းကနေ ထွက်ခွာသွားခဲ့သူပါ။ ဒေတာအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အတ်ဝပ်နဲ့ နည်းပြအဖွဲ့ကြား မကျေမလည်ဖြစ်လာမှုတွေကြောင့်ပဲ အတ်ဝပ် အသင်းကနေ ထွက်ခဲ့တာဖြစ်ပါတယ်။ သူထွက်ပြီးနောက် လီဗာပူး ဒါရိုက်တာ အချို့လည်း နှုတ်ထွက်ခဲ့တာတွေ ရှိပါတယ်။
ဒီနေရာမှာ ပြောရရင် ဒီလို မကျေလည်မှုတွေဟာ ပရော်ဖက်ရှင်နယ်တွေကြားက အငြင်းပွားမှုဖြစ်ပါတယ်။ ကလပ်အသင်း အောင်မြင်ဖို့ရာ အဓိက တာဝန်ရှိသူ နှစ်ဦး ဘောင်ထဲကနေ ကြိုးစားမှုမှာ တစ်ဦးကတော့ နောက်ဆုတ်ခဲ့ရတာလို့ ပြောပြချင်ပါတယ်။
အတ်ဝပ် မရှိတော့တဲ့ နောက်ပိုင်းမှာတော့ ယာဂင်ကလော့ပ်၊ ပပ်လင်ဒါးတို့ ဦးဆောင်တဲ့ နည်းပြအဖွဲ့ဟာ လုပ်ပိုင်ခွင့်ပိုရလာခဲ့ပြီး ကွင်းတွင်း ကိစ္စအပြင် လူသစ် ခေါ်ယူရေးလို ကိစ္စတွေမှာပါ ပါဝင် ပတ်သက်လာမှု ကြီးမားခဲ့ပါတယ်။
၂၀၂၃ နွေမှာ ဂျာမာန်သား ဂျော့ရှမတ်ကီဟာ လီဗာပူးအသင်းကို ဝင်ရောက်လာခဲ့ပြီး လူအများက အားကစားဒါရိုက်တာ ရာထူးလို့ သိထားကြပေမယ့် တကယ်တမ်းမှာ သူဟာ လူသစ်ခေါ်ယူရေးအတွက် ကလော့ပ်ရဲ့ လက်ထောက်အဖြစ်ပဲ တာဝန်ယူခွင့်ရခဲ့တာ ဖြစ်ပါတယ်။
(ဒီအကြောင်းကိုတော့ ဂျော့ရှမတ်ကီ ကိုယ်တိုင် ထုတ်ပြောတဲ့ အင်တာဗျူးက တစ်ဆင့် ကျနော်တို့ ဝဘ်ဆိုဒ်မှာ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်)
အရေးကြီးတဲ့ အကြောင်းကို ဆက်ရရင် အတ်ဝပ်ဟာ ကလော့ပ် ခေတ်လွန် လီဗာပူးအသင်း အောင်မြင်မှုတွေ ဆက်ရနေရေး တာဝန်ယူရမယ့် အဓိကကျတဲ့ ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူ့ရဲ့ ရွေးချယ်မှု မှားယွင်းလို့ နည်းပြသစ် မအောင်မြင်ရင် အတ်ဝပ်ရဲ့ နေရာလည်း ပျောက်သွားနိုင်ပါတယ်။
ပထမအချက်အနေနဲ့ အတ်ဝပ်ဟာ မန်နေဂျာသစ်ကို အချိန်တစ်ခုပေးဖို့ လိုအပ်မယ်ဆိုတာ နားလည်ထားတယ်။ ဒါအတွက် FSG ကို သူ့ဘက်က တောင်းဆိုမှု လုပ်မှာဖြစ်သလို မန်နေဂျာသစ်ကိုလည်း အချိန်တစ်ခုရစေရမယ်လို့ အာမခံပေးမယ်လို့ သိရပါတယ်။
ဒုတိယအချက်အနေနဲ့ မန်နေဂျာသစ်အတွက် လူသစ်အချို့ ခေါ်ယူပေးပါမယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အတ်ဝပ်ဟာ ကုန်ခဲ့တဲ့ ၂ နှစ်အတွင်း လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ အချို့ကို သဘောမကျပါဘူး။
လူးဝစ် ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပို၊ ဂရာဗင်ဘက်ချ်၊ မာကာ အစရှိတဲ့ ကစားသမားတွေဟာ ကလော့ပ်နဲ့ လင်ဒါးတို့လို နည်းပြအဖွဲ့ရဲ့ တောင်းဆိုမှုအရ လီဗာပူးအသင်း ခေါ်ယူပေးခဲ့ရသူတွေပါ။ အန်ဒိုလို ကစားသမားကိုတော့ အသင်း ဒေတာအဖွဲ့ကနေ ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။
ဒီယက်ဇ်ကိုရဖို့ ပထမအသင်းဆိုင်ရာ တိုးတက်ရေး နည်းပြ ဗစ်တာ မာတိုစ့်ရဲ့ ပေါ်တို အဆက်အသွယ်ကို သုံးခဲ့ပါတယ်။ ဂက်ပိုကိုတော့ ဖာမင်နိုပုံစံ အသုံးချနိုင်မယ်လို့ လက်ထောက်နည်းပြ လင်ဒါးက တိုက်တွန်းမှုကြောင့် အသင်းက ခေါ်ယူပေးခဲ့ပါတယ်။
ဒီနွေမှာတော့ အတ်ဝပ်ဟာ နည်းပြသစ်ရဲ့ ကစားဟန်မှာ အံဝင်မယ့် လူသစ် ခေါ်ယူပေးရေး အသုံးစရိတ်ရဖို့အတွက် သူမရှိချိန်ကာလအတွင်း အသင်းခေါ်ယူထားတဲ့ ကစားသမားတွေထဲက အချို့ကို ရောင်းချဖို့ စီစဉ်နေပါပြီ။
ဒီသတင်းနဲ့ တပြိုင်တည်းမှာပဲ ဂရာဗင်ဘက်ချ်ကို တူရကီကလပ် ဂါလာတာစရေးက စိတ်ဝင်စားနေကြောင်း အသံထွက်လာတာမို့ နောက်ကွယ်မှာ အတ်ဝတ်တို့ စတင် လှုပ်ရှားနေပြီလို့ ယူဆရပါတယ်။
တချိန်တည်းမှာ လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့ကနေ ဘယ်ခြမ်း ဗဟိုခံစစ်မှူးနဲ့ ကွင်းလယ်ခံစစ်သမားတို့ကို ဦးစားပေးအဖြစ် ခေါ်ယူမယ်လို့လည်း ကြားသိရပါတယ်။ နည်းပြသစ်ကို ကြေညာပြီး နောက်မှ အပြောင်းအရွှေ့ သတင်း ပိုသွက်လာဖွယ် ရှိပါတယ်။
လီဗာပူးပိုင်ရှင်အဖွဲ့ဖြစ်တဲ့ FSG ဟာ ကလပ်ရဲ့ လမ်းပြမြေပုံ တစ်ခုကို ချမှတ်ပြီးနောက်ပိုင်းမှာ ဖွဲ့စည်းပုံအသစ်အတွက် မိုက်ကယ်အတ်ဝပ်ကို ပုံအပ်ထားပါပြီ။ အတ်ဝပ်ရဲ့ အနာဂတ်ဟာ အသင်းရဲ့ အောင်မြင်ခြင်း ကျရှုံးခြင်းတွေနဲ့အတူ ပူးတွဲ ရှိနေတော့မှာဖြစ်ပါတယ်။