ဆောင်းပါး | ပိုင်ရှင်တွေ အသုံးစရိတ် ပေါင် သန်း ၃၀၀ လောက်ထုတ်ဖို့ ပရိသတ်တွေ မျှော်လင့်တာမျိုး လက်တွေ့မှာ ဖြစ်လာနိုင်သလား

အနာဂတ်မှာ လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ စျေးကွက်ထဲ ဝင်ရောက်ပြီး ပေါင် သန်း ၃၀၀ လောက် သုံးကာ လူသစ် ခေါ်ယူမှုတွေ လုပ်ဖို့က ဖြစ်လာနိုင်သလား?

ဒီနေ့ခေတ်မှာ ချယ်ဆီး၊ မန်စီးတီးလို အတိတ်က အသုံးစရိတ်ကြီး ထုတ်ခဲ့တဲ့ အသင်းတွေ ကိုယ်တိုင်က ခက်ခဲတဲ့ အရွှေ့တစ်ခုမှာ ဟန်ချက်ညီဖို့ကို ကြိုးစားလာကြပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အင်္ဂလန်မှာ အကယ်ဒမီကနေ အကျိုးအမြတ် အရဆုံး ကလပ်တွေအဖြစ် သူတို့ရဲ့ ကြယ်ပွင့်တွေကို တောက်လျှောက် ရောင်းထုတ်လာနေပါတယ်။

လီဗာပူးအသင်းဟာ FFP စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ကြိုးစားနေရတယ်လို့ ကျနော်တို့ပြောရင် တချို့ လီဗာပူးပရိသတ်တွေက လှောင်ရယ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ အမှန်တကယ်ဖြစ်လာနေပါတယ်။ လီဗာပူးအသင်းဟာလည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရဲ့ ဘဏ္ဍာရေး ကန့်သတ်မှုတွေကို အခြားအသင်းတွေလိုပဲ အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ ကြိုးစားလာရပါတယ်။

ပရီးမီးယားလိဂ်မှာ ဘယ်ကလပ်ကမှ ၃ နှစ်အတွင်း ပေါင် ၁၀၅ သန်းထက် ပိုရှုံးခွင့်မရှိပါဘူး။ ဒါကြောင့်ပဲ ကလပ်တွေဟာ ခေါ်ချင်သလောက် လူသစ်ခေါ်မှုတွေ မလုပ်နိုင်တော့ဘဲ လိဂ်သမိုင်းမှာ အနည်းဆုံး ဇန်နဝါရီ အပြောင်းအရွှေ့မျိုးတွေ ဖြစ်လာနေရပါတယ်။

“ ဒီစနစ်ဟာ ဝင်ငွေကောင်းတဲ့ အသင်းတွေကို အကျိုးဖြစ်စေတယ်၊ ဒါ့အပြင် ကစားသမား အရောင်းအဝယ် ပါးနပ်တဲ့ ကလပ်တွေကိုလည်း အကျိုးဖြစ်စေတယ်။ ဒါကြောင့်ပဲ ကစားသမား အရောင်းအဝယ်တွေမှာ အကျိုးအမြတ်ရအောင် အသင်းတိုင်းက အားထုတ်လာနေတယ် ” လို့ လီဗာပူးတက္ကသိုလ်မှ ကတိကဖြစ်တဲ့ Kieran Maguire က ရှင်းပြပါတယ်။

ဘောလုံးရဲ့ မျက်နှာစာတွေဟာ ပြောင်းလဲလာခဲ့ပါပြီ။ ၂၀၀၀ ပြည့်နှစ်တွေတုန်းက ဥရောပဘောလုံးလောကကို ငွေကြေးဖြင့် ချယ်ဆီးအသင်း ဝင်ရောက်လာခဲ့သလို ဖြစ်ရပ်မျိုးဟာ အနာဂတ်မှာ ဖြစ်လာဖို့ မလွယ်တော့ပါဘူး။ တော့ဘိုးလေတို့ ဘီလျံနဲ့ချီပြီး သုံးခဲ့ပေမယ့် သူတို့လုပ်ခဲ့လို့လည်း ကန့်သတ်ချက်တွေ ပိုကြပ်တည်းလာနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကျိုးအမြတ်နဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်း (PSR) ဟာ အင်္ဂလန်ကလပ်တွေကို ကြီးကြီးမားမား ထိန်းချုပ်လာနေပါတယ်။ ဒီစည်းမျဉ်းကြောင့်ပဲ ငွေကို ရေလိုသုံးနိုင်တဲ့ နယူးကာဆယ်ဟာ အသုံးစရိတ်ကြီး ထုတ်လို့မရပဲ ဘရိတ်အုပ်နေခဲ့ရတယ်။ အဲဗာတန်ဟာ တောက်လျှောက် အပြစ်ပေးခံနေရပါတယ်။

အင်္ဂလန်တင် မဟုတ်ဘဲ UEFA ကလည်း ပိုမိုတင်းကျပ်လာပါတယ်။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကစပြီး ကလပ်တွေဟာ သူတို့ဝင်ငွေ စုစုပေါင်းရဲ့ ၇၀% ကိုပဲ ကစားသမားလုပ်ခ၊ အပြောင်းအရွှေ့နဲ့ အေးဂျင့်ကြေးတွေကို အသုံးပြုခွင့်ရတော့မှာပါ။

မနှစ်ကရာသီ မန်စီးတီးဟာ လုပ်ခ အမြင့်ဆုံးအဖြစ် ပေါင် ၄၂၃ သန်း သုံးခဲ့တယ်။ သူတို့နောက်မှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ရှိနေတယ်။ ဒီကလပ် ၃ သင်းလုံးဟာ ဝင်ငွေရဲ့ ၇၀% ကျော်ကို အပြောင်းအရွှေ့တွေ၊ အေးဂျင့်ခတွေ၊ လုပ်ခတွေအတွက် သုံးနေရပါတယ်။

ကန့်သတ်ချက်တွေကို ကျော်လွှားဖို့ တနည်းပဲ ရှိပါတယ်။ ကလပ်တိုင်းဟာ အကယ်ဒမီ ထွက်တွေကို စင်တင်လာရပါတယ်။ အသင်းတိုင်းက muti-club တွေကို တည်ထောင်ပြီး အကောင်းဆုံး ကြယ်ပွင့်တွေကို မိတ်ဖက်ကလပ်တွေမှာ မွေးထုတ်ဖို့ လုပ်လာရပါတယ်။

ဒီအပြောင်းအလဲတွေက ဘယ်သူ့အတွက် အကျိုးအဖြစ်ဆုံးလဲ မေးရင်တော့ ကလပ် ပိုင်ရှင်တွေပါပဲ။ နယူးကာဆယ်လို အသင်းက အသုံးစရိတ် သန်း ၃၀၀ လောက် သုံးချင်နေချိန်မှာ လီဗာပူးပိုင်ရှင်တွေကတော့ အဲ့လောက် မထုတ်ရတာကို ကျေနပ်နေမှာပါ။ အိတ်မစိုက်လိုတဲ့ ပိုင်ရှင်တွေဟာ ဂျွန်ဟင်နရီ တစ်ဦးတည်း မဟုတ်ပါဘူး။

ဒါပေမယ့် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေဟာ ဘောလုံးအသင်းတွေရဲ့ ပြိုင်ဆိုင်မှုကို ဟန်ချက်ညီမှုကို ထိန်းပေးဖို့ရာ ဒီလို ထိန်းချုပ်တာတွေ လုပ်ပေးဖို့ လိုအပ်လာပါတယ်။ ကိုဗစ်ကာလမှာ ပြိုင်ပွဲတွေ ဆက်လက် ရပ်တည်ဖို့ ထိခိုက်ခဲ့မှုတွေကလည် အခုလို ထိန်းချုပ်မှုကို ဖြစ်လာစေပါတယ်။

အနာဂတ်မှာ လီဗာပူးအသင်းဟာ အသုံးစရိတ် ပေါင် သန်း ၃၀၀ လောက် ထုတ်တာမျိုး ဖြစ်လာနိုင်သလားဆိုရင်တော့ ဖြစ်နိုင်ဆဲပါ။ ဒါပေမယ့် အဲ့အသုံးစရိတ်လောက် နီးနီး ကစားသမား ရောင်းချမှုလည်း ပြန်လုပ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။