ပေါ်တို ကွင်းလယ်ခံစစ်သမားကို လီဗာပူးအသင်း ခေါ်ယူလိုရင် ပေးရမယ့် ပြောင်းရွှေ့ကြေး

လီဗာပူးအသင်းဟာ နောက်ရာသီမှာ အသင်းကို တာဝန်ယူမယ့် နည်းပြကို အတည်ပြုခြင်း မရှိသေးပေမယ့် လူစာရင်းအတွက် အားထုတ်မှုတွေ ရှိနေပါတယ်။

ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ ဗာရယ်လာကို ကလပ်ဘက်က စိတ်ဝင်စား စောင့်ကြည့်မှုတွေ ရှိလာတာပါ။ တောင်အမေရိက သတင်းထောက်တွေဘက်ကတော့ လီဗာပူးဘက်က စကားပြောမှုတွေ စတင်ထားပြီလို့ ဖော်ပြပါတယ်။

၎င်းတို့ကပဲ မနှစ်ကနွေမှာ ဥရောပကို စတင် ခြေချလာတဲ့ အာဂျင်တီးနား ကစားသမားမှာ စာချုပ်ပါကြေး ယူရို သန်း ၇၀ ပါရှိထားကြောင်းနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင် အဲ့ထဲက ၂၀% ကို ပေါ်တိုဘက်က ဘိုဂါဂျူနီယာအသင်းအား ပေးအပ်ရမယ်လို့ ပူးတွဲဖော်ပြခဲ့တယ်။

လီဗာပူးအသင်းဟာ ဗာရယ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အရှိဆုံးအသင်းဖြစ်ကာ ကစားသမားရဲ့ စာချုပ်ပါ အချက်တွေကို သိနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဇွန်လထဲမှာတော့ စတင် စကားပြောမှု ရှိလာနိုင်ပါတယ်။

လီဗာပူးဘက်က ဗာရယ်လာကို စောင့်ကြည့်နေတာဟာ အခုမှ မဟုတ်ဘဲ ၂၀၂၃ ခုနှစ်တုန်းက ဘိုဂါဂျူနီယာအသင်း ပွဲစဉ်ကို ကင်းထောက်လွှတ်ကာ တက်ရောက် ကြည့်ရှုခဲ့ဖူးပါတယ်။

ဗာရယ်လာဟာ ပုံမှန်အားဖြင့် နံပါတ် ၆ နေရာကို အဓိက ကစားသူဖြစ်တာမို့ သူဟာ လီဗာပူးမှာ အလိုအပ်ဆုံးနေရာ အားဖြည့်ပေးနိုင်သူ ဖြစ်လာနိုင်တယ်။ ဘောလုံးပေးနိုင်စွမ်း ကောင်းပြီး ဒဏ်ရာ ပြဿနာ မှတ်တမ်း မရှိတာက သူ့ရဲ့ အားသာချက် ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စပို့တင်းနည်းပြ အမ်မိုရင်းကို ချိတ်ဆက်ဖို့ ရှိခြင်းနဲ့အတူ ပေါ်တူဂီစျေးကွက်ကို အဓိက အားထည့်လာမယ်လို့လည်း တွက်ဆထားကြမှုတွေ ရှိနေပါတယ်။