ထရန့်နဲ့အတူ လီဗာပူးကို ဆွဲတင်ခဲ့တဲ့ ကွင်းလယ်
ဒီပွဲမှာ နည်းပြကလော့ပ်ဟာ မာကာ၊ ဆိုဘိုတို့ကို အနားပေးပြီး လန်းဆန်းနေမယ့် ဟာဗေး၊ ဂရာဗင်ဘက်ချ်တို့ကို အန်ဒိုနဲ့ တွဲပေးကာ ထရန့်ကိုပါ ကွင်းလယ်ထဲ ဝင်ကူစေခဲ့ပါတယ်။ ဒီကွင်းလယ်ဟာ ပထမပိုင်းမှာထက် ဒုတိယပိုင်းမှာ ပိုထူးချွန်ခဲ့ပါတယ်။
ပထမပိုင်းမှာတော့ အန်ဒို အတော် ရုန်းနေရပြီး ဂရာဗင်ဘက်ချ်ကလည်း မကြာခဏ ဆိုသလို အန္တာရယ်များတဲ့ နေရာတွေမှာ ဘောလုံးဆုံးရှုံးနေခဲ့တယ်။ ဟာဗေးလို ကစားသမားဟောင်းကိုတော့ အိမ်ကွင်းပရိသတ်တွေက ဆက်တိုက် ဖိအားပေးနေကြပါတယ်။
ဒုတိယပိုင်းမှာ ဒီကွင်းလယ်ဟာ ခြားနားစွာ တောက်ပလာခဲ့ပါတယ်။ ဖူလ်ဟမ်ဘက်က လီဗာပူးကို ခြိမ်းခြောက်နိုင်စွမ်း သိသိသာသာ ကျဆင်းခဲ့ပြီး ထရန့်ကလည်း သူတို့နဲ့ တွဲဘက်ကာ တောက်ပခဲ့ပါတယ်။ ထရန့်ဟာ ဖရီးကစ်တင် မဟုတ်ဘဲ ဒီပွဲမှာ ဦးဆောင်ကစားပေးမှုအတွက်ပါ ချီးကျူးခံရသင့်ပါတယ်။
Simply sensational 💫
What a free-kick from Trent 🙌 pic.twitter.com/NTHtKDr2zt
— Liverpool FC (@LFC) April 21, 2024
ပွဲကစားခွင့် လိုအပ်နေတဲ့ ဂက်ပို
နည်းပြကလော့ပ်ဟာ ရွေးချယ်စရာ တိုက်စစ်သမား ၅ ဦးလုံး ရှိပေမယ့် ဆာလာ၊ ဒါဝင်တို့ကို အရန်ခုံ ထိုင်ခိုင်းခဲ့ပါတယ်။ ဒီပွဲ သူ့ရဲ့ ရွေးချယ်မှုဟာ မှန်ကန်ခဲ့ပြီး ဂျိုတာက ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် ပထမဆုံး သွင်းဂိုးနဲ့အတူ အင်္ဂလန်မြေမှာ ဂိုးပေါင်း ၁၀၀ ပြည့်ခဲ့ပါတယ်။
ဒီပွဲမှာ အထူးခြေစွမ်းပြခဲ့သူ တစ်ဦးက ဂက်ပိုပဲ ဖြစ်ပါတယ်။ အရင်ပွဲတွေမှာ လီဗာပူးအသင်း အခြေအနေ မကောင်းတည်းက နယ်သာလန်သားဟာ တည်ငြိမ်တဲ့ ခြေစွမ်းပြသခဲ့တာပါ။ ဘယ်ခြမ်းမှာ သူ့ရဲ့ အန္တရာယ်ကြီးမှုဟာ သိသာလှပြီး ဒီယက်ဇ်ကို ဘယ်ခြမ်းထားတာထက် ပိုပြီး ထိရောက်မှု ရှိပါတယ်။
ကောင်တာတွေမှာ ဂက်ပိုရဲ့ တွဲဘက်ပေးနိုင်စွမ်းက မကြာခဏ အမှားတွေ ရှိပေမယ့် ဒီယက်ဇ်ထက်စာရင် ဦးနှောက်သုံး ကစားသူဖြစ်ပြီး ဒီခြေစွမ်းနဲ့ဆိုရင် ဒါဝင် နူးညက်စ်ဟာ အရန်ခုံမှာ ဆက်ရှိနေဦးမှာပါ။
ဂျုံး၊ ဆိုဘို၊ ဂရာဗင်ဘက်ချ် ဘယ်သူ နေရာဆက်ရမလဲ
ဒီကွင်းလယ် ၃ ယောက်ထဲက ၁ ဦးဟာ အန်ဒို၊ မာကာတို့ရဲ့ တွဲဘက်အဖြစ် ကြားရက်မှာ ပွဲထွက်ခွင့် ရလာနိုင်ပါတယ်။ လက်ရှိ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းအရ ဂျုံးကတော့ ဦးစားပေးမှု တတိယနေရာကို ရောက်နေမှာပါ။ ဆိုဘိုနဲ့ ဂရာဗင်ဘက်ချ်တို့ကလည်း လိုအပ်ချက် ကိုယ်စီ ရှိနေကြပါတယ်။
ဖူလ်ဟမ်ပွဲအတွင်း ဂရာဗင်ဘက်ချ်ရဲ့ အဆုံးသတ်ချက်ဟာ လီဗာပူးကို မျှော်လင့်ချက် ပေးခဲ့သလို ကစားသမား ကိုယ်တိုင်ကလည်း ယုံကြည်မှုပိုင်း တိုးတက်မှု ရှိလာနိုင်ပါတယ်။ Super sub အဖြစ်တော့ ဟာဗေးကို အရန်ခုံမှာ ထိုင်ခိုင်းဖွယ် ရှိပါတယ်။
Gravenberch fires in a brilliant first #PL goal 🤩 pic.twitter.com/Lo08QW1sBr
— Liverpool FC (@LFC) April 21, 2024
ပျောက်ဆုံးနေတဲ့ စီနီယာတွေ
ဒါဝင်နဲ့ မိုဆာလာတို့ဟာ ပွဲကစားချိန် မိနစ် ၂၀ ဝန်းကျင် ရခဲ့ပေမယ့် ဂိုးပေါက် ပျောက်ခဲ့ကြပါတယ်။ ဆာလာဟာ အခွင့်အရေး ၂ ကြိမ်လောက် ရတာမျိုး ရှိခဲ့ပြီး အကောင်းဆုံး ပုံစံတွေမှာ ရှိမနေခဲ့ပါဘူး။ ဒါဝင်ကတော့ ပွဲအပေါ် အာရုံစူးစိုက်မှု နည်းပါးပြီး မကြာခဏ လူကျွံနေခဲ့ပါတယ်။
ပွဲထွက် တိုက်စစ်သမားတွေထဲမှာ ညာတောင်ပံက ပွဲထွက်တဲ့ ဒီယက်ဇ်နေရာ ဆာလာ ပါဝင်မယ်ဆိုရင် တိုက်စစ်ကြောင်း အပြောင်းအလဲဟာ စိတ်ဝင်စားစရာ ဆိုပေမယ့် ဒီပွဲ ခြေစွမ်းအရဆိုရင်တော့ ကြားရက် ဝက်စ်ဟမ်းပွဲမှာလည်း ဒါဝင်၊ ဆာလာကို အရန်ခုံ ဆက်ထားလို့ ဝမ်းနည်းနေစရာ မရှိပါဘူး။
ဖလားပြိုင်ဆိုင်မှုမှာ ဆက်ပါနေဆဲ
ဒီနိုင်ပွဲကြောင့် အသင်းဟာ အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။ ဇယားထိပ်က မန်စီးတီးကတော့ ၁ ပွဲလျော့ကစားထားတာမို့ တတိယနေရာကို ကျသွားပါတယ်။
ဖလားအောင်မြင်နိုင်ချေက အသင်းလက်ထဲမှာ မရှိတော့ဘူး ဆိုပေမယ့် လက်ကျန် ၅ ပွဲမှာ ဘာမဆိုဖြစ်လာနိုင်ပါသေးတယ်။ အသင်းအနေနဲ့ ကျဆင်းနေတဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓါတ်ပိုင်းကို ပြန်နှိုးဆွပြီး ကိုယ်ကစားရမယ့် ၅ ပွဲလုံး အနိုင်ရအောင်ပဲ အားထုတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။