ဖူလ်ဟမ်ပွဲမှာ အလောင်းအစား လုပ်ပြီး လူထုတ်ခဲ့တာ မဟုတ်ဘူးလို့ ကလော့ပ် ရှင်းလင်း

ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲမှာ ဆာလာ၊ ဒါဝင်၊ ဆိုဘို၊ မာကာတို့ကို အနားပေးတာဟာ ပွဲကြပ်ကာလကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ဖြစ်ကြောင်း နည်းပြကလော့ပ် အသိပေးလာပါတယ်။

ပွဲထွက်လူစာရင်းဟာ အချို့သော ပရိသတ်တွေကို အတော်လေး စိတ်ပျက်စေခဲ့ကာ ပြင်းထန်တဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ လူစာရင်း အပြောင်းအလဲနဲ့အတူ ဒီနောက်ပိုင်း ပွဲတွေအတွင်း အကောင်းဆုံးသော အခွင့်အရေး အသုံးချနိုင်မှုကို ပြသနိုင်ခဲ့ပါတယ်။

ဂက်ပိုထံက ထူးချွန်တဲ့ ခြေစွမ်းနဲ့ ထရန့်၊ ဂျိုတာတို့ ပွဲရှိန် ပြန်ရလာခြင်းဟာ ရာသီသိမ်းကာလ လီဗာပူးအသင်းအတွက် အကျိုးဖြစ်စေမှာပါ။ အလှည့်ကျ လူထုတ်မှုအတွက် နည်းပြကလော့ပ်က

“ ဒီနေ့ပွဲအတွက် ပျော်ပါတယ်။ ကျနော်တို့ အပြောင်းအလဲတွေ လုပ်ခဲ့တာဆိုတာက ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ၁၀၀% ယုံကြည်စိတ်ချလို့ပါ။ ဒါက အလောင်းအစား မဟုတ်ပါဘူး။ ကြာသပတေးနေ့မှာကော စနေနေ့မှာပဲ ကျနော်တို့ ပွဲကစားရပါဦးမယ်။

စနေနေ့မှာဆိုရင် ကျနော်တို့ လန်ဒန်ကို ပြန်လာရဦးမယ်။ ဒါကြောင့်ပဲ ကစားသမားတွေ အားလုံး ပွဲပန်းပြီး မကစားနိုင်တာမျိုး မဖြစ်ခင် အပြောင်းအလဲ လုပ်ခဲ့ရတာပါ ” လို့ ရှင်းပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကြားရက်မှာ မာဆေးဆိုဒ် ဒါဘီအဖြစ် အဲဗာတန်နဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာဖြစ်ကာ ပြီးရင်တော့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်း ဆက်ကစားရပါမယ်။

လက်ကျန် ၅ ပွဲမှာတော့ အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲ စပါး၊ ဝုဗ်တို့နဲ့ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းပွဲတွေလည်း ရှိနေသေးတာ ဖြစ်ပါတယ်။

ကလော့ပ်ကပဲ ” လူစာရင်း အခြေအနေက ကောင်းပါတယ်၊ ဒီအတိုင်း ကြံ့ကြံ့ခိုင်ခိုင် ဆက်ရှိနေဖို့ မျှော်လင့်တယ်။ အရန်လူစာရင်းကို ကြည့်ရင် အရည်အချင်းရှိတဲ့ ကစားသမားတွေ ပါဝင်လာနေတာကို မြင်ရပါလိမ့်မယ်။

ဒီကစားသမားကောင်းတွေကို အကောင်းဆုံး အသုံးချသွားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဘာလုပ်နိုင်လဲ ကြည့်ကြတာပေါ့ ” လို့ ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။