ထရန့်ရဲ့ လှပသပ်ရပ်တဲ့ ဖရီးကစ်ဂိုးအတွက် ဟာဗေးရဲ့ ပါဝင်ကူညီမှုကို ချီးကျူး

ဖူလ်ဟမ်ပွဲမှာ လီဗာပူးအသင်းဟာ တူညီတဲ့ ပုံစံ တည်ကန်ဘော ၂ ကြိမ် ရခဲ့ပြီး တစ်ကြိမ်က အဟားခံခဲ့ရပေမယ့် ဒုတိယအကြိမ်ကတော့ သွင်းဂိုး ဖြစ်ခဲ့ပါတယ်။

အစောပိုင်း တည်ကန်ဘောကို ဟာဗေးက မြေရှပ်ဘော ကန်သွင်းခဲ့ခြင်းဖြစ်ကာ မိနစ်ပိုင်းအကြာ ထပ်ရတဲ့ တည်ကန်ဘောမှာတော့ ထရန့်က ဝေါအပေါ်ကနေ လှလှပပ ကန်သွင်း အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ထရန့် ကိုယ်တိုင်က သူ့ရဲ့ တည်ကန်ဘောအတွက် ဟာဗေးကို အသိအမှတ်ပြု စကား ပြောခဲ့သလို ပွဲအပြီးမှာ နည်းပြကလော့ပ်ကလည်း ဒီပူးပေါင်းလုပ်ဆောင်မှုကို ချီးကျူးခဲ့ပါတယ်။

ကလော့ပ်ကတော့ “ ထရန့်ရဲ့ သွင်းဂိုးမှာ ဟာဗေးရဲ့ ပါဝင် ပတ်သက်မှုကလည်း ၁၀%-၁၅% လောက် ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဖူလ်ဟမ်အသင်းအကြောင်း လေ့လာခဲ့ကြတုန်းက သူတို့လူကာတံတိုင်းဟာ ခုန်ခုန်ပြီး ဟန့်တားလေ့ရှိတာကို ကျနော်တို့ သိခဲ့ပါတယ်။

ကျနော်တို့က တန်ကန်ဘောကျရင် မြေလိမ့်ဘောကန်ဖို့ ဟာဗေးကို သတိပေးခဲ့တယ်။ တကယ်တမ်း ပွဲထဲကျတော့ ဖူလ်ဟမ်ရဲ့ လူကာတံတိုင်းက သိပ် မခုန်ကြတော့ပါဘူး။ အဲ့ကြောင့်ပဲ ဟာဗေးရဲ့ ကန်ချက်က လူကာတံတိုင်းကို မကျော်ခဲ့တာပါ။

ဖူလ်ဟမ်ပရိသတ်တွေကတော့ ဟားခဲ့ကြတာပေါ့။ ဒါပေမယ့် သူတို့ လူကာတံတိုင်းက ခုန်သင့်သလောက် မခုန်ကြတော့ ထရန့်ရဲ့ ဖရီးကစ်ကျ ချိန်သားကိုက် ဖြစ်သွားတာပေါ့။ ကျနော်တို့က ဒါမျိုး လုပ်ချင်တာပါ။

ဂိုးက သိပ်ကောင်းပါတယ်။ ထရန့်ကလည်း သိပ်ကောင်းခဲ့တယ်။ သူ ပြန်လာတာ ကျနော်တို့အတွက် အရမ်း အကူအညီဖြစ်ပါတယ် ” လို့ ရှင်းပြသွားပါတယ်။