လီဗာပူးအသင်းဟာ ကလော့ပ်နေရာ ဆက်ခံသူအဖြစ် ရွေးချယ်မှုအတွင်း ဖီယင်နုနည်းပြ အန်းစလော့ကို ဆက်သွယ်ခဲ့ပြီဖြစ်ပါတယ်။ နယ်သာလန်သားဟာ လီဗာပူးရဲ့ ရွေးချယ်မှုမှာ ဦးစားပေးနေရာကိုလည်း ရောက်လာနေပါတယ်။
အခုချိန်ထိတော့ သူဟာ လီဗာပူးနည်းပြ ဖြစ်လာရမယ်လို့ အသေအချာ ဆုံးဖြတ်ထားတာမျိုး မဟုတ်ပေမယ့် အသင်းဘက်က အတော်လေး အကြိုက်တွေ့နေပါပြီ။ အန်းစလော့ကို လီဗာပူးနည်းပြအဖြစ် ရွေးချယ်ကြမယ့် အကြောင်းရင်းတွေကို LfcThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြသွားပါမယ်။
အန်းစလော့ရဲ့ ကစားဟန်
လီဗာပူးအသင်းက အန်းစလော့ရဲ့ ဘောလုံးကို အတော်လေး ကြိုက်ပါတယ်။ သူဟာ လူငယ်တွေကို စင်တင်ပေးမှု ကောင်းမွန်တာကိုလည်း အသင်းဘက်က သဘောကျနေတယ်။ မော်ဒန်ခေတ် နည်းပြတွေလိုပါပဲ အန်းစလော့ဟာ “attractive, high-energy, attacking” ဆိုတဲ့ ခေတ်သစ် ဘောလုံးလက္ခဏာတွေကို အသုံးချပါတယ်။
အန်းစလော့ရဲ့ အသင်းတွေဟာ ကစားအား ပြင်းထန်တယ်၊ တစ်ချက်ထိတွေ သုံးတယ်၊ ပိတ်မကစားပေမယ့် ခံစစ်အမြင်လည်း ရှိတယ် ဆိုတဲ့ အမြင်တွေရထားပါတယ်။
လီဗာပူးအထိုင်ကို ဖျက်စရာမလိုခြင်း
ဘယ်လိုပဲ ကလော့ပ် ပုံတူကို မရှာပါဘူးပြောပြော နည်းပြသစ်ဟာ လက်ရှိ လီဗာပူးအထိုင်ကို လုံးဝ မဖျက်ဘဲ ဆင့်ကဲတာဝန်ယူဖို့က အရေးကြီးပါတယ်။ အန်းစလော့ဟာ ၄-၂-၃-၁ ကစားကွက်နဲ့ ကွင်းလယ် double pivot ကို အသုံးချသူဖြစ်ပါတယ်။
အခြေခံအားဖြင့် တိုက်စစ်လိုင်းကနေ ခံစစ်ခုခံလေ့ရှိပြီး သူ့ရဲ့ နည်းစနစ်တွေကို စကားလုံးတွေနဲ့ ဖော်ပြရရင်တော့ လက်ရှိ လီဗာပူးသုံးနေတဲ့ စနစ်တွေနဲ့ သိပ်မကွာပါဘူး။ ဥပမာအားဖြင့် high-possession တို့ high-pressing တို့ clinical attacking football တို့ သူလည်း ဒါမျိုး သုံးပါတယ်။
လီဗာပူးပုံစံခွက်ထဲ ဝင်ခြင်း
ဒီအချက်ကိုတော့ လီဗာပူးပရိသတ်တွေ ကြိုက်မယ် မထင်ပါဘူး။ ဒါပေမယ့် လက်တွေ့ကျတဲ့ ဖြစ်ရပ်ဖြစ်လို့ သည်းခံ ဖတ်ရှုပေးကြပါဦး။
လီဗာပူးအသင်းဟာ အင်္ဂလန်လိဂ်မှာ ဆုဖလားအောင်မြင်မှု အကြီးဆုံးအသင်းဖြစ်ပေမယ့် ကလပ်ရဲ့ ဘတ်ဂျက်ကတော့ အကန့်အသတ်ရှိပြီး မန်စီးတီး အပါအဝင် ပြည်တွင်းပြိုင်ဘက်တွေနဲ့ သိပ်ကွာခြားပါတယ်။ ဖီယင်နုကလည်း အလားတူပါပဲ။
နယ်သာလန်မှာ ဖီယင်နုဆိုတာ အေးဂျက်၊ ပီအက်စ်ဗီတို့နဲ့ယှဉ်ရင် ပါးမွှားလေးဖြစ်ပါတယ်။ ကစားသမား တစ်ယောက်ကို အမြင့်ဆုံး ခေါ်ယူဖူးတာ ယူရို ၈ သန်းနဲ့ပါ။ ဒီလိုအသင်းကို ကိုင်ပြီး ပြိုင်ဘက် ၂ သင်းကို စိတ်ဒုက္ခပေးနိုင်တာဟာ အန်းစလော့ရဲ့ ထူးချွန် အရည်အချင်းဖြစ်ပါတယ်။
ချိန်ပြောရရင် အေဂျက်မှာ တန်ဟက်ရဲ့ အသင်း အမှတ်ပေးဖလားရပါတယ်။ အကောင်းဆုံး နည်းပြဆုကိုတော့ အန်းစလော့ ရပါတယ်။ စလော့ဟာ လူငယ်နဲ့ အကယ်ဒမီတွေကို အားကိုးရတယ်၊ စျေးပေါပေါခေါ်ထားတဲ့ ကစားသမားတွေကို ခြေတက်လာအောင် သွေးပေးရတယ်။ ဒီလောက်ဆို သဘောပေါက်မယ် ထင်ပါတယ်။
ဒေတာအားကိုးနဲ့ မိုက်မယ်
ဘောလုံးပရိသတ်တွေအတွက်တော့ ဘောလုံးကို ဒေတာနဲ့တွက်ပြီး လှုပ်ရှားတာက ခံရခက်ပါတယ်။ ကျနော်တို့ မြင်လိုတာ အမြဲတမ်း စွန့်စားနေမယ့် လူသားဆန်တဲ့ ဘောလုံး အားကစားပါ။ ဒါပေမယ့် ခေတ်သစ် ဘောလုံးမှာက ဒေတာဟာ အခရာဖြစ်လာပါတယ်။
အခု အန်းစလော့ရဲ့ ဘောလုံးဟာ ဒေတာတွေနဲ့ ရမှတ်တိုင်းရာမှာ အမှတ်ကောင်းပါတယ်။ လီဗာပူး လက်ရှိ လူစာရင်းနဲ့ ချိန်ထိုးကြည့်ရင်ကို ဂုဏ်ထူးမှတ်ရတယ်လို့ ပြောကြပါတယ်။
လူ့စည်း ဘီလူးစည်း
ဒီစကားပုံက သုံးသင့်ရဲ့လားတော့ မသေချာပါဘူး။ ဒါပေမယ့် အန်းစလော့ကို ခေါ်ယူခြင်းဟာ ဒီလိုမျိုး သူ့အပိုင်စား ကိုယ့်အပိုင်စား ခွဲဖို့က အဓိကကျလို့ဖြစ်ပါတယ်။
လီဗာပူးလို ကမ္ဘာကျော် အမှတ်တံဆိပ်ကို ကိုင်တွယ်ရာမှာ မန်နေဂျာတစ်ဦးတည်းက ကိစ္စ အဝဝကို မထိန်းချုပ်ပေးနိုင်ဘူး။ ထိန်းချုပ်ခွင့်လည်း မပေးပါဘူး။ မိုက်ကယ်အတ်ဝပ် ဦးဆောင်တဲ့အဖွဲ့က လေ့ကျင့်ရေးကွင်းကို ဦးစားပေးတဲ့ နည်းပြချုပ် တစ်ဦးကို အလိုရှိတာ ဖြစ်ပါတယ်။
အန်းစလော့ရဲ့ တာဝန်က လေ့ကျင့်ရေးမှာ အသင်းကို တိုးတက်လာအောင် လုပ်ပေးပြီး ပွဲနေ့တွေမှာ နိုင်ပွဲယူပေးဖို့ ဖြစ်ပါတယ်။ ကျန်တဲ့ ကွင်းပြင်က ကိစ္စတွေကို အတ်ဝပ်တို့ တာဝန်ယူပေးပါမယ်။
လီဗာပူး အလိုရှိတဲ့ နည်းပြဟာ အပြောင်းအရွှေ့မှာ ဘယ်ကစားသမားကို ခေါ်ယူလို့ရတော့မယ်၊ ဘယ်ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးက ဘယ်လောက်ရှိတယ် သိစရာ မလိုပါဘူး။ ဒီကစားသမားကို ဘယ်လောက် ကြာကြာ ပြေးခိုင်းလို့ရမလဲ၊ ဒီကစားသမားက ဘယ်လောက် တိတိကျကျ ပေးနိုင်မလဲ ဆိုတဲ့ အပိုင်းကို သိနေဖို့ပဲ လိုအပ်တာ ဖြစ်ပါတယ်။