လီဗာပူးအသင်းဟာ နည်းပြကလော့ပ် နေရာ အစားထိုးဖို့ လျာထားတဲ့ အန်းစလော့အတွက် နယ်သာလန်ကလပ် ဖီယင်နုနဲ့ ဆွေးနွေး ညိနှိုင်းမှု စတင်လိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးဘက်က တရားဝင် ချဉ်းကပ်မှု စတင်လိုက်ခြင်းနဲ့အတူ အန်းစလော့ဟာ အန်ဖီးကို ရောက်လာဖို့ ပိုမို နီးစပ်လာပါပြီ။ စလော့ ကိုယ်တိုင်ကလည်း ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်စေချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
နယ်သာလန်ကလပ်ကတော့ အသက် ၄၅ နှစ်အရွယ် နည်းပြအတွက် ပြောင်းရွှေ့ကြေး တောင်းဆိုသွားဖွယ် ရှိပါတယ်။ စလော့ဟာ မနှစ်ကနွေကမှ ဖီယင်နုနဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုထားတာပါ။
ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ဖီယင်နုနည်းပြကို စိတ်ဝင်စားနေတာကြောင့် လီဗာပူးဘက်က ခပ်မြန်မြန်ပဲ လှုပ်ရှားနေပါတယ်။ လက်ရှိ အခြေအနေမှာ လီဗာပူးက ပြိုင်ဘက်တွေကို ကျော်ပြီး စလော့ကို ခေါ်ယူနိုင်မယ် ယုံကြည်ချက်ရှိနေပါတယ်။
ဖီယင်နုဘက်ကတော့ အန်းစလော့ကို သူတို့အသင်းမှာ ဆက်ထိန်းလိုပေမယ့် လီဗာပူးအသင်းရဲ့ ညိနှိုင်းမှုကို တောင့်ခံနိုင်ဖွယ် မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ လီဗာပူးဘက်က စလော့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အေးဂျင့် Rafaela Pimenta နဲ့ အကြို စကားပြောမှုဟာ တိုးတက်တဲ့ အဆင့်ကို ရောက်ရှိခဲ့ပါပြီ။
ဒီပရော်ဂျက်ကို FSG ရဲ့ ဘောလုံးဆိုင်ရာ စီအီးအိုဖြစ်တဲ့ မိုက်ကယ်အတ်ဝပ် ကြီးကြပ်နေတာဖြစ်ပြီး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ကလည်း သူ့ရဲ့ ပထမဆုံး တာဝန်ကို စတင် ထမ်းဆောင်နေပြီလို့ သိရပါတယ်။