လီဗာပူးက ယူနိုက်တက်ကို ကျော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ဘူး သုံးသပ်တဲ့ ရီယို ဖာဒီနန်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားဟာ ရာသီသိမ်း ကာလရောက်ခါမှ အပြောင်းအလဲ ဖြစ်နိုင်သေးတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရမှုကြောင့် အဆင့် ၅ နေရာကနေ အထက်အသင်းတွေကို ဖိအားပေးနေခဲ့ပါပြီ။ ဒါပေမယ့် အခြေအနေက သိပ်ကို နောက်ကျသွားပြီလို့ ထင်မြင်မှုတွေလည်း ထွက်ပေါ်နေဆဲပါ။

တစ်ဖက်မှာ ယူနိုက်တက် ခံစစ်မှူးဟောင်း ဖာဒီနန်က သူတို့အသင်းဟာ လက်တလော ခြေချော်နေပေမယ့် အဆင့် ၄ နေရာအတွက် လီဗာပူးကို ပေးလိုက်ရဖို့မျိုး ဖြစ်လာမှာ မဟုတ်ဘဲ သေချာပေါက် ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်လို့ ယုံကြည်နေပါတယ်။

ခံစစ်မှူးဟောင်း ဖာဒီနန်က ” မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေလည်း လက်ကျန် ပွဲစဉ်ဇယားကို ကြည့်မိကြမှာပဲလေ။ သူတို့ရဲ့ နောက်ဆုံး အမှတ်ပေးပွဲ ၄ ပွဲထဲက ၃ ပွဲကိုတော့ အိုးထရတ်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ အဲ့ပွဲတွေကို အနိုင်ယူဖို့ သူတို့ ယုံကြည်မှု ရှိနေမှာပါ။

ဒီနောက်ပိုင်းမှာ ယူနိုက်တက်ရဲ့ ခြေစွမ်း သိပ်မကောင်းတာမို့ အဲ့အတွက် အဖြေရှာဖို့ လိုအပ်သလို ပြောင်းလဲနိုင်ရပါမယ်။ အိမ်ကွင်းက ယူနိုက်တက် ပရိသတ်တွေဟာ ဒီအဆင့်မှာ ကြီးမားတဲ့ ပါဝင်ပတ်သက်မှုတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ကစားသမားတွေကလည်း ကောင်းကောင်း ကစားနိုင်ရပါမယ်။

လီဗာပူးရဲ့ ခြေစွမ်းက ကောင်းနေပါတယ်။ သူတို့ကလည်း နောက်ဆုံး ပွဲစဉ် ၃ ပွဲမှာ ယူနိုက်တက်ကို ဖိအားပေးနိုင်ဖို့ အားထုတ် ကစားကြမှာပါပဲ။ ဒါပေမယ့် ယူနိုက်တက်က အဆင့် ၄ ထဲ ဝင်မှာပါ။ သူတို့ မဝင်ရင်တာ အံ့ဩစရာ ဖြစ်လာမှာပါ ” လို့ သုံးသပ်ခဲ့ပါတယ်။

လက်ကျန်ပွဲတွေမှာ လီဗာပူးက လုံးဝ အမှားခံလို့ မရသလို ပြိုင်ဘက် ကလပ်တွေက အနည်းဆုံး ၂ ပွဲကနေ ၃ ပွဲ ခြေချော်ဖို့ လိုအပ်နေတာမို့ ချန်ပီယံလိဂ် ဝင်ခွင့်က အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။