ပျက်ဆီးသွားတဲ့ အရှိန်အဟုန်
ရာသီဝက်ကာလမှာ ရင်ဆိုင်ခဲ့ရတဲ့ ဒဏ်ရာ ပြဿနာတွေကနေ ရေတိုမှာ လီဗာပူး လွှတ်မြောက်ခဲ့ပေမယ့် တကယ်တမ်း ဖိအားများတဲ့ ကာလမှာတော့ အသင်း တောင့်မခံနိုင်တော့ပါဘူး။ ဒဏ်ရာကနေ ပြန်သက်သာလာပြီးတည်းက ဆာလာ၊ ဆိုဘို၊ ဂျုံး၊ ရိုဘို အစရှိတဲ့ ကစားသမားတွေဟာ ပုံမှန်ခြေစွမ်းကို မနည်းရှာနေရတာပါ။
လီဗာပူးတိုက်စစ်တန်းကြား ပထမရာသီဝက်တုန်းကလောက်တောင် နားလည် ချိတ်ဆက်နိုင်စွမ်း မရှိတော့ဘဲ ဆာလာ ပြိုဆင်းသွားမှုနဲ့အတူ တိုက်စစ်ရဲ့ လုပ်ပေါက်တွေကလည်း အတော်လေး အဓိပ္ပာယ်မဲ့လာခဲ့ပါတယ်။
ဒါဝင် နူးညက်စ်ဟာ အသင်းကို ရောက်စက ခြေစွမ်းတွေကို ပျော်ပျော်ကြီး ပြန်ပြလာနေတယ်။ အဆုံးသတ်ဖို့ လွယ်ကူလှတဲ့ အခွင့်အရေးတွေကို ဖြုန်းတီးနေတာမျိုးဟာ လက်ခံပေးဖို့ ခက်ခဲပါတယ်။ ဒါဝင်နည်းတူ ဆာလာရဲ့ ခြေစွမ်းကလည်း အကောင်းမြင်ပေးဖို့ မလွယ်ကူပါဘူး။
ဗန်ဒိုက်ရဲ့ ခေါင်းဆောင်နိုင်စွမ်း
ဗန်ဒိုက်ရဲ့ တစ်ကိုယ်ရည် အရည်အချင်းကို သံသယမရှိပေမယ့် သူ့ရဲ့ ဦးဆောင်နိုင်စွမ်းကတော့ မေးခွန်းထုတ်စရာပါ။ ပွဲထဲမှာ အသင်းဖော်တွေကို အော်ဟစ် လမ်းညွှန်းနေပေမယ့် သူကိုယ်တိုင်တောင် ကိုယ့်ဘာသာ အနိုင်နိုင် ရပ်တည်နေရပါတယ်။
သူ့ဘေးက တွဲဘက် ကိုနတေး တစ်ပွဲလုံး ဖိအားတွေအောက်က တောက်လျှောက် ကစားနေရပြီး ခံစစ်ကြောင်းကြီး ထိန်းမနိုင်သိမ်းမရ ယိုပေါက်တွေဖြစ်နေတာကို ကျစ်လစ်အောင်လုပ်ပေးဖို့ အသင်းခေါင်းဆောင်ကြီးမှာလည်း နည်းလမ်းမရှိတော့ပါဘူး။
အသင်းနဲ့အတူပဲ ဆိုးရွားလာတဲ့ မာကာ
ဒုတိယရာသီဝက်မှာ လီဗာပူးအတွက် တောက်လျှောက် ခြေစွမ်းကောင်းခဲ့တဲ့ မာကာဟာ ဒီတလောမှာတော့ ခံစစ်ပိုင်း ပိုကူရတဲ့ တာဝန်ယူကို ရယူရင်း တိုင်တွေပတ်နေပါတယ်။ ဘောလုံးပြန်ဆယ်ယူတိုင်းမှာ ဖောင်းဖြစ်နေသလို အဝေးဘောတွေကလည်း ကြားဖြတ်လုခံရတာ၊ လွဲချော်တာနဲ့တင် အဆင်မပြေဖြစ်နေပါတယ်။
နောက်ပိုင်း အန်ဒိုဝင်လာလို့ ရှေ့ကို နည်းနည်းတက်ကစားခွင့်ရပေမယ့် ဘောလုံးကိုင်ပုံ လေးပြီး အသင်းကစားဟန်ကို တက်လာဖို့ မတင်ပေးနိုင်ခြင်း မရှိတော့ပါဘူး။
ကလော့ပ်နဲ့အတူ ညိုမှိုင်းနေတဲ့ လီဗာပူး
လီဗာပူးဟာ ခက်ခဲတဲ့ကာလတစ်ခုကို ဝင်ရောက်နေပြီး အသင်းရဲ့ ကောင်းကင်ဟာ မဲမှောင်နေပါတယ်။ ဒါဟာ ခေတ်ပြောင်းတော့မယ့် အရွေ့တစ်ခုရဲ့ အစဖြစ်ပါတယ်။ ကလော့ပ်အထွက် မန်နေဂျာသစ်အဝင်မှာ လီဗာပူးဟာ ဒီထက်ပိုပြီး ကြမ်းတမ်းတဲ့ ကာလကို ရင်ဆိုင်ရနိုင်သလို ရောင်နီကို ပြန်တွေ့ရတာလည်း ဖြစ်နိုင်ပါတယ်။
ဒီတလောမှာတော့ အကြံကုန်နေတဲ့ ကလော့ပ်တို့ နည်းပြအဖွဲ့ဟာ ပွဲထွက်လူစာရင်း ထုတ်တာကစလို့ လူစားလဲတာထိ အသင်းရဲ့ ခြေစွမ်းပိုင်း စိတ်ဓါတ်ပိုင်း တိုးတက်လာအောင် ဘာမှ မကူညီနိုင်တော့ပါဘူး။
လီဗာပူးရဲ့ ရာသီကုန်ပန်းတိုင်
လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ရေးဟာ လီဗာပူးရဲ့ ပန်းတိုင်ဖြစ်လာပါတော့မယ်။ အခွင့်အရေးများပေမယ့် အခုချိန်ထိ ချန်ပီယံလိဂ် တစ်နေရာစာက အာမခံချက် မရှိသေးပါဘူး။ ကြောင်တောင်တောင် အိပ်မက်တွေကို မေ့လျော့ပြီး အနီးကပ်ဆုံး ရည်မှန်းချက်ကို ရောက်အောင်ပဲ သွားရတော့မှာဖြစ်ပါတယ်။