မိုက်ကယ် အတ်ဝပ်က ဒါဝင် နူးညက်စ်ကို သဘောမကျပေမယ့် သီးသန့် ပလန်တွေ စီစဉ်ထား

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ဒါဝင် နူးညက်စ်ကို ရောင်းထုတ်မှာ မဟုတ်ဘဲ မန်နေဂျာသစ် လက်အောက် အချိန်တစ်ခုပေးဖို့ ပြင်ဆင်ထားပါတယ်။

လီဗာပူးမန်နေဂျာသစ် ကိစ္စနဲ့ ဒါဝင် ကိစ္စဟာ ဆက်စပ်လို့ရတဲ့ သတင်းကြီး တစ်ပုဒ်ဖြစ်ပေမယ့် ဖတ်ရှုသူတွေအတွက် ပိုမို ရှင်းလင်းစေဖို့ ၂ ပုဒ် ခွဲပြီး ဖော်ပြဖို့ စီစဉ်ထားပါတယ်။ အခုကတော့ ဒါဝင် အကြောင်းကိုပဲ သီးသန့် ဖော်ပြပါမယ်။

၂၀၂၂ ခုနှစ်နွေမှာ လီဗာပူးအသင်းဟာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းကနေ အမြင့်ဆုံး ပေါင် ၈၅ သန်းထိ ရောက်နိုင်မယ့် ကြေးမျိုးနဲ့ ဘင်ဖီကာကနေ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဒါဝင် နူးညက်စ်ကို ခေါ်ယူခဲ့ပါတယ်။

အဆိုပါနွေမှာ အပြောင်းအရွှေ့ ကိစ္စတွေအတွက် လီဗာပူးအသင်းနဲ့ နည်းပြကလော့ပ်ကြား သဘောထား ကွဲလွဲခဲ့ပါတယ်။ အသင်းဘက်က လိုက်ဇစ် တိုက်စစ်သမား အန်ကွန်းကူကို ခေါ်ချင်ခဲ့ပြီး ကလော့ပ်ကတော့ ဒါဝင်ကိုပဲ ခေါ်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုခဲ့ပါတယ်။

၂ နှစ်အကြာ အသင်းကို အတ်ဝပ် ပြန်ရောက်လာချိန်မှာတော့ လီဗာပူး လူစာရင်းကို စိစစ်မှုတွေ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ အသင်းရဲ့ အပြောင်းအရွှေ့ အချို့ဟာ ဖရိုဖရဲဆန်တယ်လို့ သူမြင်ပါတယ်။ သူဆိုရင် ဒါဝင်ကို ပေါင် ၈၅ သန်းပေးပြီး မခေါ်ဘူးလို့ အသံစထွက်လာပါတယ်။

အတ်ဝပ်ကတော့ သူမရှိချိန် လီဗာပူး ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ အများစုကို သဘောမကျပါဘူး။ ဒါပေမယ့် သူ မခေါ်ယူခဲ့လို့ဆိုပြီး အကုန်ရှင်းထုတ်တာမျိုး လုပ်ဖို့ မစဉ်းစားထားပါဘူး။

လာမယ့်ရာသီမှာ ဒါဝင် နူးညက်စ်ဟာ လီဗာပူးအသင်းမှာ ဆက်နေခွင့်ရမှာဖြစ်ပါတယ်။ အသင်းက ဒါဝင်ကို မရောင်းဘဲ နည်းပြသစ်နဲ့အတူ အချိန်တစ်ခု ထပ်ပေးဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ဒါဝင်ရဲ့ ကျဆင်းနေတဲ့ ယုံကြည်မှုပိုင်းနဲ့ အခွင့်အရေး လွဲချော်လွန်းမှုကို အနီးကပ် ပြင်ဆင်ပေးဖို့ပါ လီဗာပူးဘက်က စီစဉ်ထားပါတယ်။ လီဗာပူးဘက်က ဒါဝင်အတွက် သီးသန့် psychologist တစ်ယောက် ခန့်ပေးမှာဖြစ်ပြီး ခြေစွမ်း တိုးတက်လာအောင် လုပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းက တိုက်စစ်သမား ၅ ဦးလုံးကိုတော့ ဆက်ထိန်းမယ် အာမခံချက် မပေးထားပါဘူး။ ဆော်ဒီဘက်က မိုဆာလာအတွက် ကမ်းလှမ်းမှု လုပ်လာနိုင်ပြီး ဒီယက်ဇ်အတွက် ပီအက်စ်ဂျီထံက ကမ်းလှမ်းမှု ရလာတာမျိုးလည်း ရှိလာနိုင်ပါတယ်။

မိုက်ကယ် အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က လက်တလောမှာ နည်းပြသစ်အဖြစ် ဖီယင်နုမှ အာနေ စလု့စ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး နောက်ပိုင်းမှ အပြောင်းအရွှေ့ကိစ္စကို အတူ ဆုံးဖြတ်ကြဖွယ် ရှိပါတယ်။